မိတ်ဆွေ၏ ရွာဘုန်းကြီးကျောင်းမှာရှိသော
ကျောင်းအဟောင်းသည် ဆွေး၍ ပြန်လည်ပြုပြင်
သည်။ ထို ဘုန်းကြီးကျောင်းဆောင်
ရေစက်ချပွဲသို့ တနေ့က လိုက်သွားသည်။
ဒီတော့ ထိုရွာ၊ ထိုဘုန်းကြီးကျောင်း အနီး
ပတ်ဝန်းကျင်မှာ ရှိသော ရှုခင်းများကို
ဖုန်းဖြင့် ဓာတ်ပုံရိုက်ခဲ့သည်။ ဘုန်းကြီး
ကျောင်းရှိ စေတီအဟောင်းကိုလည်း
မှတ်တမ်းတင်သည်။ စေတီအဟောင်း
ဘေးရှိ သရက်ပင်မှ သရက်သီးများက
အောက်သို့ တွဲရွဲကျနေသဖြင့် မှတ်တမ်း
တင်မိသည်။
ထိုနောက် ကျောင်းရေစက်ချပွဲသို့ လာသူ
ရွာသူရွာသားများ၏ အလှူ ထမင်းဟင်း
စားသုံးမှုကိုလည်းမှတ်တမ်းတင်သည်။
ငါးခြောက်ချက်၊ ငရုပ်သီးပုစွန်ခြောက်ကြော်၊
ကျောက်ဖရုံသီးဟင်ရည်၊ ပဲတီချဉ် ဟင်းများ
က စားကောင်းလှသည်။
ကျောင်းဆောင်ပေါ်မှ အလှူရှင်သည်
ရွှေမိုး ငွေမိုးရွာသွန်းသည့်အနေဖြင့်
ပိုက်ဆံများ ကျဲသည်။ ပိုက်ဆံကျဲသည်ကို
ကောက်ယူသူများ၏ ပျော်ရွှင်စွာအလုအယက်
ကောက်ယူမှုကိုလည်း မှတ်တမ်းမိသည်။
စိတ်မွန်းကြပ်မှုများ ခဏတော့ ပျောက်သွား
သည်။ ဒီခေတ်အခါမှာ ယခုလို လှူဒါန်းမှု
အတွက်လည်း သာဓုခေါ်မိပါသည်။
@htwegyi
14-5-2023