ညက တော်တော်နဲ့အိပ်မပျော်ပေ။ ကျွန်တော်က
ည ရှစ်နာရီခွဲဆိုပါမူ အိပ်ဖို့ စတင်သည်။ တခါတရံ
ကိုးနာရီမှာ အိပ်ပျော်သွာသလို၊ ရှစ်နာရီမှာလည်း
အိပ်ချင်စိတ်ဖြစ်နေသည်။ မနေ့ညက တာယာပွကြီး
မူးပြီးရစ်သဖြင့် ညဆယ်နာရီမှ အိပ်ရသည်။
ညက အိပ်ချိန်မှန်စွာ မအိပ်ရပေသိ မနက်ငါးနာရီမှာ
တော့ မျက်လုံးက မဖွင့်ပေသိ စိတ်ကနိုးနေသည်။
တာယာပွကြီးက သူ့လုပ်ငန်း အဆင်ပြေသည့်အခါ
သောက်အားပိုတတ်သည်။ သောက်အားပိုတော့
စောက်စကားတွေ ပိုပြောပါလေသည်။ မူး၍
ပြောသော စကားများက ရောက်တတ်ရာရာ၊
ပေါက်ကရများပါသလို၊ သီချင်းလည်း ဆိုကြပြန်
သည်။ မူး၍ ရစ်တတ်သူအမျိုးမျိုးရှိပေသည်။
တာယာပွကြီးလို ရစ်နိုင်အားကြီးသူများလည်း
ရှိပေမည်။ သို့ပေသိ တာယာပွကြီးရစ်သည်က
သူလုပ်ကိုင်ခဲ့ရသော လုပ်ငန်းကို ချဲ့ကားတန်ဆာ
ဆင်ပြီး သူရဲ့ လုပ်ရပ်ကိုပုံဖော်ပြောသည်။
သူ့ကိုယ့်သူ အနစ်နာခံသူကြီး၊ ကျေးဇူးရှင်ကြီး
ဖြစ်စေကာပြောသည်။
Image Credit.
အမူးသမား၏ စကားကို အများအားဖြင့် မိခင်တို့
ကသာ သီးခံကြသည်။ အခြားသူစိမ်းများက သီခံ
သည်မှာ တခါတရံသာဖြစ်ပေမည်။ နေ့စဉ်ဆိုပါမူ
ထိုအမူးသမား၏ ဖန်တရာတေးထပ်ကို ကြားရတာ
နားကြားပြင်းကပ်ရပေသည်။ သို့နှင့် ထိုသို့ ရစ်တတ်သော
အမူးသမားများကို အပေါင်းအသင်းမိတ်ဆွေ
လူအချို့က ဝေးရာမှ ရှားကြသည်။ သူနှင့် ပုလင်းတူ
ဘူးဆို့သူအနည်းငယ်သာ သောက်ဖော်လုပ်ကြသည်။
ဒါသည်ပင် တခါတရံ သူတို့အချင်းချင်း စကားများ
ရန်ဖြစ်ကာ နေကြသေးသည်။
ကျွန်တော့်အကို တာယာပွကြီးရစ်သည်က
အတော်ဆိုးသည်။ သူ၏ရစ်မှုကို မခံနိုင်ကြသဖြင့်
သူ့အပေါင်းအဖော်များလည်း ဝေးရာသို့ရောက်ရှိ
ကြပေသည်။ စီးပွားရေးအဆင်မပြေကြသည်များ
လည်းရှိကြပေသည်။ ကိုတာယာကြီးက မမူးရင်တော့
အကောင်းသားဗျ။ မူးပြီးဆိုမှဖြင့် သူ့ဒဏ်ကို
ခံနိုင်ဖို့ တော်တော်ကို မလွယ်တာကလား။
အသက်အရွယ်လည်းရလာပြီး ခုထိ သူက မူးရင်း
ရစ်တတ်တဲ့စိတ်က မလျော့သေးဘူး။
တာယာပွကြီး အတော်လည်း ပေနိုင်သူဖြစ်သည်။
သူ့လက်ထဲ ငွေမရှိပါမူ မသောက်ပဲ နေနိုင်သည်။
အဲ သူ့လက်ထဲ ငွေရှိသည့်နေ့ အဲ့နေ့ကတော့
အိမ်မှာရှိသူများ ကောင်းစွာ မအိပ်ရပေ။
အိမ်ရှိလူကုန်ကို ရန်လုပ်ပြောဆိုသည်။ ထိုသို့
ပြောရာမှာလည်း တဖက်သားကို နာခံခက်အောင်
ပြောတတ်သည်။ တဖက်သားမှ မခံနိုင်၍ သူ့ကို
ပြန်မပြော ပြောအောင်ကို ပြောသည်။ သူ့နှင့် အတူ
စပြီး နေထိုင်စဉ်က သူ့အကြောင်းမသိသေးတော့
အမ စနေနဲ့ နှစ်ယောက်သား ညစဉ်လိုလို
စကားများကြသည်။ ဒီနောက်ပိုင်းမှာ အမက
မကြားချင်ယောင်ဆောင်သည်။ ထိုအပြင် ခြံအတွင်းမှာ
နောက်ထပ်အိမ်တလုံးဆောက်ပြီး သူ့သမီး၊ သားမက်တို့
နှင့် အိမ်ခွဲနေ၍ ရန်ဖြစ်သံမကြားရတော့ပေ။
ဒါသည်ပင် အိမ်းချင်းက ကပ်နေသဖြင့် တခါတရံ
စကားများကြသေးသည်။
အမ မရှိတော့ အိမ်မှာကျန်နေသူ ကျွန်တော်နှင့်
အမေ၊ ညီမတို့ကို ရစ်ပါလေသည်။ ရစ်ပြီး၍
သူမောသောအခါ သူ၏ တရုတ်တီဗီကို အသံကျယ်
ဖွင့်ပြီး သီချင်း၊ သတင်းများနားထောင်သည်။
ထိုသို့ နားထောင်ရင်း အိပ်ပျော်သွားမည်ဟု
မထင်ပါလေနဲ့ ဆယ့်တစ်နာရီ၊ တခါတရံ
ဆယ့်နှစ်နာရီကျော်ထိ ဖွင့်ပြီးမှ တီဗီကိုပိတ်ကာ
အိမ်အောက်ရှိ သူ့ခြင်ထောင်အိပ်ရာဆီသို့ သွားပြီး
အိပ်လေသည်။ ယမကာလုလင်၊ အရက်သမား၊
ဇိုးသမား၊ အမူးသမားတို့သည်က ကိုယ်ကြိုက်၍
သောက်ကြသည်။ သတိလေးရှိသည်အထိ
သောက်ကြပါမူ ကောင်းသေးသည်ဟု ထင်ပါသည်။
သတိမရှိ၊ ဘာမှ မသိအောင် သောက်ပါမူက
အတော်ဆိုးရွားလေးစွ။
@htwegyi
September 6, 2026