မေတ္တာနှင့် ခေတ်ကာလ။

Words
185
Reading
1 min
1d
Listen to this post
~1 min

"ကလေးတစ်ယောက်မွေးတာ လွယ်မှတ်လို့"

စသည့် စကားကို ကျွန်တော်တို့ငယ်စဉ်က ကြားဖူးခဲ့သည်။
အဆိုပါပြောစကားကို မည်သူက ပြောပါ
သလဲဆိုပါမူ အံ့ဩဖွယ်ရာဖြစ်ပေမည်။ ကျွန်တော်တို့
ငယ်စဉ်က အရူးမတစ်ယောက်က ထိုသို့‌ ပြောခဲ့သည်။
သူမ ပြောသည်ကို လူကြီးများက သဘောကျ၍
လိုက်ပါပြောဆိုသဖြင့် ငယ်စဉ်က နားရည်ဝနေသည်။
ထိုအရူးမ အမျိုးသမီးက သန့်သန့်ပြန့်ပြန့်ရုပ်ရည်ရှိသည်။
မည်သူ၊ မည်ဝါနှင့် ကိုယ်ဝန် ရသည်မသိပေ
သူမမှာ ကိုယ်ဝန်ရှိနေတတ်သည်။

ကိုယ်ဝန်ရှိနေတတ်သည်ဟု ပြောရသည်မှာ
သူမမှာ မကြာခဏ ဗိုက်ကြီးပူလာသည်ကို
ကလေးဘဝက တွေ့နေရသဖြင့် ဤသို့ ပြောရခြင်း
ဖြစ်ပေသည်။ ကိုယ်ဝန်ရပြီး ကလေးမွေးကာ ကလေး‌ပေါက်စ
များကို ချီပိုးထားသည်ကိုလည်း
မကြာခဏတွေ့ရသည်။ သို့ပေသိ ကလေးငယ်
အနည်းငယ် ကြီးပြင်းလာသည့်အခါမှာတော့
ကလေးကို မတွေ့ရတော့ပေ။

ထိုကလေး ဘယ်သို့ ရောက်သွားသည်ကို မသိပေ။
သို့ပေသိ သူမက မွေးကင်းစ ပေါက်စကလေးကိုမူ
သူမလက်ပေါ်မှ မချပေ။ ထိုမွေးကင်းစလေးကို
တောင်းယူသည့်အခါမှာမူ အထက်ပါစကားကို
ပြောတတ်သည်။

"မသန်းဆင့် မင်းကလေးကို ငါတို့ပေးပါလား။
ငါတို့မွေးစားမယ်လေ" ဟု ပြောပါရင်။

"အံမယ် မပေးနိုင်ပေါင်၊ ကလေးတစ်ယောက်မွေးတာ
လွယ်တယ် မှတ်သလား" ဟု ပြန်လည်ပြောဆိုတတ်သည်။
ထိုသို့ပြောဆိုပေသိ ကလေးငယ် သုံးလေး
ခြောက်လအရွယ် ရောက်လာပါမူ ကလေးငယ်ကို
ပစ်ထားတတ်သည်။ သူမ စိတ်နဲ့ကိုယ် မကပ်သောအခါ
ကလေးကို ပစ်ထားခဲ့ခြင်းဖြစ်‌ပေမည်။ ထိုအခါ
ကလေးကို မည်သူ မည်ဝါတို့က ခေါ်ယူသွားသလဲ
မသိပေ။

ကျွန်တော် စဉ်းစားမိသည်မှာ ထိုခေတ် ထိုအခါ
ကျွန်တော်တို့ငယ်စဉ်က ကလေးတစ်ယောက်မွေးတာ
လွယ်ကူပေသည်။ ဆေးရုံကြီးမှလည်း ကိုယ်ဝန်သည်
မိခင်များကို ဆင်းရဲ၊ ချမ်းသာမရွေး မွေးပေးသည်။
ယခုခေတ်ကာလကဲ့သို့ ငွေကြေးကုန်ကျမှုမရှိပေ။
ကလေးမွေးခြင်းသည် အသက်နှင့် ရင်း၍ ပြုလုပ်
ရသော အရာဖြစ်သည်။ ယောင်္ကျား‌ ဖောင်စီး၊
မိန်းမ မီးနေ ဆိုသော စကားရှိသည်။ ဖောင်စီး
သော ယောင်္ကျားများ အသက်အန္တရာယ်စိုးရိမ်
ရသလို၊ မီးဖွားရသော အမျိုးသမီးသည်လည်း
အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတာ အတူတူ
ဖြစ်သည်ဟု ဆိုပေမည်။

ယခုခေတ်မှာ တော့ နည်းပညာများ တိုးတက်လာ
သဖြင့် အသက်နှင့်ရင်းရလောက်အောင် မဖြစ်ကြရတော့ပေ။
သို့ပေသိ ဆရာဝန် မရှိသော မရပ်ဒေသများမှာတော့
အန္တရာယ်နှင့် ရင်ဆိုင်ရပေအုံးမည်။
ထိုသို့ အသက်နှင့် ရင်း၍ မွေးဖွားရသော ကလေးကို
အမျိုးသမီးက စိတ်ပုံမန်ဖြစ်နေသောအခါ မိမိကလေး
ဟူသော စိတ်ဖြင့် ချစ်မြတ်နိုး ကာကွယ်ပေးသည်။
စိတ်ပုံမှန်မဟုတ်သော အချိန်မှာမူ ကလေးကို
ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပေ။ တိုးတက်သောခေတ်၊
မတိုးတက်သောခေတ် မည်သို့သော ခေတ်ဖြစ်ပါစေ
မိခင်မေတ္တာတရားကတော့ အတူတူပင်ဖြစ်သည်။
ထိုအတူ နည်းပညာတိုးတက်သည်ဖြစ်စေ၊ မတိုးတက်
သည်ဖြစ်စေ မိုက်ရိုင်း ယုတ်မာသူကလည်း ရှိမြဲပင်
ဖြစ်ပေသည်။

htwegyi@htwegyi
November 27, 2026