တန်ဆောင်မုန်းလပြည့်နေ့ ပိုစ့်တင်ရမည်ဖြစ်သော်လည်း
မတင်ဖြစ်ပေ။ လပြည့်နေ့ဆိုတော့
အလုပ်များသည်ပေါ့။ အထူးသဖြင့် တန်ဆောင်မုန်း
လပြည့်နေ့မို့ ပိုလို့ အလုပ်များပေသည်။ နှစ်စဉ်
တန်ဆောင်မုန်းလပြည့်နေ့တိုင်း အိမ်မှာ မုန့်လုံး
ရေပေါ်နှင့် မယ်ဇလီဖူးသုပ်စားသည်။ ယခုနှစ်
မှာတော့ တူမက သားပေါက်စလေး မွေးထားသဖြင့်
မလုပ်ဖူး လုပ်မည်နှင့် စဉ်းစားရင်း အချိန်ကြာ
သွားသည်။
လပြည့်နေ့မတိုင်ခင်ကတည်းက အမေက မုန့်လုံး
စားမည်ဟုပြောသည်။ အိမ်သို့ ပျော်ပွဲစား လာပြီး
တောင်းသူ ကလေးများကိုလည်း မုန့်လုံးကျွေးမည်ဟု
ပြောသည်။ အမက အမေ့ကိုပြောလေသည်။
Credit lmage.
" အမေရယ် မုန့်လုံးစားချင်တာ စားချင်တယ်ပြောပေါ့။
ဘယ်နဲ့ ပျော်ပွဲစားကလေးတွေကို လွှဲချနေရတာလဲ။
အဲ့ကလေးတွေက အမေ့မုန့်လုံး မမက်ကြဘူးရယ်။
သူရို့က ပိုက်ဆံသာ မက်ကြတာ။ မုန့်လုံးက
လူတိုင်းနီးပါး စတုဒီသာလုပ်ကြသမို့ သူရို့က ဝ ပေါ့" ဟုပြောသည်။
"အေး ငါ စားချင်တာလည်းပါသပေါ့" အမေက
ပြန်ပြောသည်။ ပထမတော့ မုန့်လုံးသာ လုံးကြမည်
မယ်ဇလီဖူး မသုပ်တော့ဟု စိတ်ကူးသည်။ သို့ပေသိ
အမက ဆေးဖြစ် ဝါးဖြစ် နို့ဆီဗူး တစ်ဗူးလောက်တော့
သုပ်ရအောင်ဟုပြောသည်။ မယ်ဇလီဖူးသုပ်က
အမယ်များသည်။ ကျွန်တော်တို့အိမ်သုပ်သော
မယ်ဇလီဖူးသုပ်က မယ်ဇလီဖူး၊ သင်္ဘောသီးစိမ်း၊
ကြာဇံ၊ အားလူးစသည်တို့ကို အချဉ်ဓာတ်ပါရန်
မန်းကျီးသီမှည့်ထည့်၍သုပ်ကြသည်။
Credit lmage.
နို့ဆီဗူးတစ်ဗူးသုပ်မည်ဟုပြောပြီး ဈေးသည်မှ
နှစ်ဗူးယူလျှင်လျော့ပေးမည်ဟုပြော၍ နှစ်ဗူးသုပ်ရ
လေသည်။ အဲ့သမှာ ကျွန်တော်အလုပ်ရှုပ်ရလေသည်။
Hive မှာပိုစ့်တင်ဖို့ အချိန်မရဖြစ်တော့သည်။
မုန့်လုံး လုံးဖို့ ကောက်ညှင်းမှုန့်သွားဝယ်ရသည်။
ကောက်ညှင်းမှုန့်ကို ယခင်နှစ်များက တူမက
ဝယ်သည်။ ယခုနှစ် ကျွန်တော်ဝယ်တော့
ကောက်ညှင်းမှုန့်က ပြဿနာတက်ပါလေသည်။
တူမများဝယ်စဉ်က မုန့်လုံး လုံးဖို့ဟု ဆိုကာ
ကောက်ညှင်းမှုန့်ကိုဝယ်သည်။
ကျွန်တော် ကောက်ညှင်းမှုန့် ဝယ်သည်က။
"ကောက်ညှင်းမှုန့် ငါးဆယ်သားပေးပါ" ဟု
ပြော၍ ဝယ်ခဲ့သည်။ အိမ်သို့ရောက်သောအခါ
အမက ထို ကောက်ညှင်းမှုန့်များကို ရေထည့်၍
မွှေပါလေသည်။
"ဟဲ့ ကောက်ညှင်းမှုန့်က ဘယ်လို
ဖြစ်တာပါလိမ့် ခါတိုင်းနှစ်တွေတုန်းက ဒီလို
လက်ကို ကပ်မနေပါဘူး။ ခု အမှုန့်တွေက လက်ကို
ကပ်နေတာ ဘယ်လိုလုပ် လုံးရပါ့။ မုန့်လုံး လုံးဖို့လို့
ပြောမဝယ်ခဲ့ဘူးလား"
"ကောက်ညှင်းမှုန့် ငါးဆယ်သားလို့ ပြောဝယ်ခဲ့တာပဲ"
"အယ် ဆန်မှုန့်မရောခဲ့ဘူးလား။ အဲ့သဟာကြောင့်
နယ်ရတာ လက်ကိုကပ်နေတာ နေမှာ။ ဆန်မှုန့်
သွားဝယ်လိုက်အုံး"
အမပြောသဖြင့် ဆန်မှုန့် နောက်ထပ်တစ်ခေါက်
သွားဝယ်ရသည်။ ကောက်ညှင်းမှုန့်ငါးဆယ်သား၊
ဆန်မှုန့် အစိတ်သားရောပါမှ မုန့်လုံး လုံးလို့ရသွားတယ်ဟု
အမကပြောသည်။ ဘေးအိမ်မှ အမျိုးသမီးကမူ
ကောက်ညှင်းမှုန့်ချည်းပဲ မုန့်လုံး လုံးလို့ရပါတယ်။
ရေများသွားလို့နေမှာဟု ပြောသည်။ သူမ ပြောပေသိ
ကျွန်တော့်အမကတော့ ဆန်မှုန့်မပါလို့ လုံးမရဟု
ပြောသည်။ အမနှင့် တူမက သူရို့ သားမြေးပေါက်စ
ဖြင့် အလုပ်ရှုပ်နေကြသဖြင့် မယ်ဇလီဖူးသုပ်နှင့်
မုန့်လုံးက ယခုနှစ်မှာ အဆင်မပြေပေ။ သို့ပေသိ
စားလို့တော့ ရပါသေးသည်။ မယ်ဇလီနဲ့ မုန့်လုံး
ရယ်က ဆေးဖက် ဝင် မဝင်တော့ မသိပေ သုပ်ရ
လုံးရတာ မောလိုက်ပါဘိ ဟုသတည်း။
@htwegyi
November 25, 2026