စနေနေ့ပွဲစဉ်တွေထဲမှာ United ကို EPL အဖွင့်ပွဲမှာ အနိုင်ကစားခဲ့သည့် Hull City အနေဖြင့် Chelsea ကို သရေကစားနိုင်ခဲ့ခြင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်း၏။ နှစ်တိုင်း တန်းတက် ၃ သင်းထဲမှာ တသင်းသင်းက ခြေစွာ အစွမ်းပြလေ့ ရှိ၏။ ဒီအတိုင်းဆို ဒီနှစ်က Hull City ထင်ပါရဲ့။ ထုံးစံအတိုင်း Chelsea က ပွဲအစ ၇ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူ၏။ ဒါပေမဲ့ ၂၈၊ ၃၄ မိနစ်တို့မှာ Hull City က ချေပဂိုးနှင့် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ၏။ ဒုတိယပိုင်း ၆၆ မိနစ်မှာ Chelsea က ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့လို့သာ ၂-၂ သရေ ရလဒ်ဖြင့် ပွဲပြီးသွားခဲ့ခြင်း ဖြစ်၏။
အိမ်ရှင် Chelsea အနေဖြင့် ဘောလုံး ပိုင်ဆိုင်မှု ပိုမို အသာစီး ရယူနိုင်ခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခွင့်မှာတော့ ဧည့်သည် Hull City က ပိုမိုရယူနိုင်ခဲ့လေ၏။ စနေနေ့ ပွဲစဉ်တွေမှာ သရေပွဲတွေ အတော်လေး များခဲ့၏။ Bournemouth vs Brentford ပွဲစဉ်သည်လည်း ၂-၂ ဖြင့် သရေကျသွားခဲ့လေ၏။ မနှစ်က ရှုံးပွဲ မရှိ သရေပွဲ အများစုနဲ့ စံချိန်တွေတင် အသင်းကြီးတွေကို ဒုက္ခ ပေးခဲ့သည့် Bournemouth အနေဖြင့် သူတို့နည်းပြကို Liverpool အသင်းထံသို့ ပြောင်းခွင့်ပေးပြီးနောက်မှာပင် သရေပွဲတွေ များနေခဲ့၏။ ၄ ပွဲကစားပြီး ၃ ပွဲ သရေ ၁ ပွဲရှုံးထား၏။
Bournemouth နည်းပြဟောင်းကို ခန့်အပ်ထားသည့် Liverpool အနေဖြင့် သရေပွဲတွေ များနေခဲ့၏။ ၄ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင် ၃ ပွဲသရေ ရလဒ် ထွက်ပေါ်ထား၏။ မနေ့က ပွဲစဉ်မှာလည်း Fulham ကို ဂိုးမရှိ သရေ ကျခဲ့၏။ နည်းပြ Iraola က မရှုံးအောင် ကစားသည့် နေရာမှာ ကျွမ်းကျင်သူဟု ဆိုရမည်ထင်။ မရှုံးပေမဲ့ အနိုင်မရ သရေသာ များနေမယ်ဆိုရင်လည်း မဟုတ်သေးဘူး မလား။
နောက်ထပ် ဂိုးမရှိ သရေ ပွဲက Tottenham vs Everton ဖြစ်၏။ ကြီး ၆ ကြီး စာရင်းဝင် Tottenham အနေဖြင့် နောက်ပိုင်း နှစ်တွေမှာ အခြေအနေ အတော်လေး ဆိုးရွားနေခဲ့၏။ မနှစ်ကဆို တန်းဆင်းဇုန် အထက်နားမှာ ကပ်လျက် ရပ်တည်ပြီး ရာသီ သိမ်းခဲ့၏။ Europa league ရသည့် နှစ်ကလည်း ဇယားအောက်ဆုံးနားလေးမှာ ကပ်နေခဲ့၏။ ခုလည်း ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲ သရေ ၂ ပွဲ ရှုံး ရလဒ် ထွက်ပေါ်နေ၏။
Ipswich ကတော့ Crystal Place ကို အဝေးကွင်းမှာ ၂-၃ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Tottenham လို အဆိုးထဲ ကျရောက်နေအသင်းက Aston Villa ဖြစ်၏။ အိမ်ကွင်းမှာ Nottm Forest ကို ၁-၂ ဖြင့် ရှုံးကာ အဆင့် ၁၉ နေရာမှာ ရပ်တည်နေခဲ့၏။ ၁ ပွဲ သရေ ၃ ပွဲရှုံး နိုင်ပွဲ မရထားသေးပေ။ လက်ရှိ ချန်ပီယံ Arsenal ကတော့ Sunderland ကို ၀-၂ ဖြင့် အနိုင်ရပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထား၏။
ဒီနေ့ Super Sunday မှာတော့ Manchester Derby အဖြစ် United vs City ပွဲစဉ်ကို အားပေးသွားရဖို့ ရှိနေ၏။
(photos from EPL page)