Como :: The New Chapter Beginning

Words
257
Reading
2 min
Listen
Play
2h

UCL ကျန်ပွဲစဉ်များ မနေ့ညနှင့် ဒီနေ့ မနက် ၁ နာရီခွဲမှာ ဆက်လက် ယှဉ်ပြိုင်ကစားကြ၏။ တညကို ပွဲစဉ် ၆ ပွဲ၊ ၃ ရက်ဆိုတော့ ၃၆ သင်း ပြီးပေါ့။ Fenerbache vs Roma ပွဲစဉ်မှာတော့ ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့၏။ Fenerbache ရဲ့ လူစာရင်း ဖြည့်တင်းထားမှုက အတော်လေးကောင်းသည်ဟု ဆိုရမည်ထင်။ နောက်တန်းမှာ Ake, အလယ်တန်းမှာ Kante, ရှေ့တန်းမှာ Greenwood တို့ ဖြစ်၏။ Turkiye ကလပ် အနေဖြင့် အတော် လုပ်ထား ဟုတ်ထားသည် ဆိုရမည်။ Fenerbache တသင်းထဲ မဟုတ် အခြား Turkiye ကလပ်တွေလည်း နာမည်ကျော် ကစားသမားတွေကို ကိုယ်စီ ခေါ်ယူထားကြ၏။

ထိုသို့ ခေါ်ယူ ဖြည့်တင်းထားပေမဲ့ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရ၏။ ဦးဆောင်ဂိုးကို ဧည့်သည် Roma အသင်းက ၃၉ မိနစ်မှာ သွင်းယူခဲ့၏။ ဒုတိယပိုင်း ၄၈ မိနစ်မှာမှ Fenerbache အသင်း ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ အဆိုပါ ပွဲစဉ် လိုပဲ PSV vs Shakhtar Donetsk ပွဲစဉ်သည်လည်း ၁-၁ သရေကျခဲ့၏။ ဘယ်လောက်ထိ တူလဲဆို ဧည့်သည် အသင်းက ၄၅+၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်း ၄၈ မိနစ်မှာ PSV အသင်း ချေပဂိုး ပြန်လည် ရယူနိုင်ခဲ့၏။

Bayern Munchen အနေဖြင့် အိမ်ကွင်းမှာ Bodo/Glimt ကို ၅-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ဒီပွဲစဉ်ကတော့ ထွေထွေထူးထူး ပြောစရာ မရှိပေ။ Bayern Munchen ဘယ်နှယ်ဂိုး သွင်းမှာလဲ ဆိုတာသာ စောင့်ကြည့်ဖို့ ရှိခဲ့၏။

Como vs RB Leipzig ပွဲစဉ်မှာတော့ အိမ်ရှင် Como အသင်းက ၄-၁ ဖြင့် အနိုင်ရသွားခဲ့၏။ Como အသင်း အတွက်ကတော့ တကယ့်ကို သမိုင်း မှတ်တိုင်တခုပင်။ Series B ကနေ ၂၀၂၃/၂၄ မှာ Series A သို့ တန်းတက်လာခဲ့ပြီး မနှစ်က အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့သဖြင့် ဒီရာသစ် UCL ကစားခွင့်ရခဲ့၏။ ကနဦးမှာ အသင်း၏ ကွင်း အခြေအနေကြောင့် အိမ်ကွင်း ပွဲစဉ်များကို ကြားကွင်း တကွင်းကွင်းမှာ ကစားရဖို့ ရှိနေပေမဲ့ UCL ပွဲ မတိုင်မီ အဆင့်မှီအောင် ပြင်ဆင်နိုင်ခဲ့သောကြောင့် အိမ်ကွင်းမှာပဲ UCL ပွဲစဉ်တွေကို လက်ခံ ကစားလို့ ရသွားခဲ့ပြီ ဖြစ်၏။

သမိုင်းဝင် အခိုက်အတန့်ကို ဂိုးပြတ် နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာကလည်း ပရိတ်သတ်တွေ အတွက် ဝမ်းသာစရာပင်။ နည်းပြ Fabregas လက်ထက်မှာ တဟုန်ထိုး တိုးတက်လာခဲ့သည့် Como အနေဖြင့် UCL မှာ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ Slavia Prague vs Lens ပွဲစဉ်မှာတော့ ဧည့်သည် Lens အသင်းက ၂-၃ ဖြင့် အနိုင်ရသွားခဲ့လေ၏။

ကိုယ်တွေရဲ့ ဇာတ်လိုက်ကျော် United ကတော့ အိမ်ကွင်းမှာ Sabah FK ကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ Azerbaijan ကလပ် အနေဖြင့် United ၏ ပြိုင်ဘက် အဆင့် နေရာမှာကို ရှိမနေခဲ့ဟု ဆိုရမည်။ United အတွက် အသင်းငယ် ဆိုပေမဲ့ ဘောလုံး ပိုင်ဆိုင်မှုမှာ သိပ်ပြီးကြီးကြီးမားမား ကွာဟနေခြင်း မရှိပေ။ ဂိုးဖန်တီး ပြောင်းလဲမှုမှသာ ကွာသွားခဲ့ခြင်း ဖြစ်၏။ United ၏ UCL အဖွင့်ကတော့ လှသွားခဲ့လေပြီ။

(photos from UCL page)

Como :: The New Chapter Beginning | Ecency