ယခုလို မိုးရာသီကာလမှာ ကျန်းမာရေး ဂရုစိုက်ရပေသည်။
တုပ်ကွေးဖျားများ ဖျားကြသည်။ ကိုယ်တွေလည်းကျန်းမာရေး
ဂရုစိုက်သည့်ကြားမှ တုပ်ကွေးဒဏ်ခံလိုက်ရသည်။
တုပ်ကွေးက သက်သာသွားပေသိ
ချောင်းဆိုးကျန်နေသည်။ ချောင်းဆိုပါသည်ဆိုမှ
မနေ့က ကန်စွန်ဥ လက်ကျန်များကို ယိုထိုးစား
ကြပြန်သည်။
ကန်စွန်ယိုကို ထောပတ်၊ သကြား၊ မြေပဲလှော်နှင့်
အုန်းသီးကြော်များထည့်သည်။ မြေပဲနှင့် အုန်းကြော်က
ချောင်းဆိုသူအဖို့ ပိုပြီး ချောင်းဆိုးစေသည်။
ချောင်းဆိုးလျှက်နဲ့ ကန်စွန်ယို ပူပူကို စားသည့်အခါ
ဘာပြောကောင်းမလဲ ပရိတ်သတ်ဆိုသလို။
တဏှာအရသာကို အလိုလိုက်မိသော ငမိုက်သား
နင့်ထိုက်နဲ့ နင့်ကံ ဆိုးလိုက်စမ်း ချောင်း။
ဝင်ငွေမရှိသဖြင့် ကျန်းမာရေးဂရုစိုက်ကြဟု
အမေက ပြောသည့်ကြားမှာပင် အငယ်မက
ကျောမှာ ရေယုန်ပေါက်သည်။ ရေယုန်ပေါက်ကာစက
ဘာဖြစ်သည်မသိဟု ပြောကာ နောက်ကျောပြင်မှာ
ဝက်ခြံလို အဖုလေးတခုပေါ်လာသည်။ ထိုအဖုက
ယားသဖြင့် အငယ်မ ကုတ်လေသည်။ နောက်နေ့မှရေချိုးသည်။ ရေယုန်ကို ကုတ်ခြင်း၊ ရေချိုးခြင်း
များကြောင့်လား မသိပေ။ ရေယုန်များက
ပွားလာကာ ရေကြည်ဖုကြီးများဖြစ်လာသည်။
ဆေးခန်းသွားပြရန်ပြောသော်လည်း မသွားချင်
ဘူး ပြောသည်။ ကင်းမုန်လက်ကြားရွက်များ
ခူး၍ ချေပြီး အရည်ဖြင့် ရေယုန်များကို
ပွတ်ပေသည်။ ထိုသို့ တနေ့နှစ်ကြိမ်ခန့် လုပ်ပေး
သည့်အခါ ရေကြည်ဖုများ တဖြည်းဖြည်းညှိုး
လာသည်။ ရေယုန်ကို ကင်းမုန်လက်ကြားရွက်ဖြင့်
ပွတ်သည့်အခါ အချို့က ထိုအဖုများပေါက်သွားအောင်
သွေးထွက်အောင်ပွတ်ဟုပြောသည်။
ကျွန်တော်စဉ်းစားမိသည့်အခါ ရေယုန်မှအရည်များ
က အခြားနေရာသို့ရောက်လျှင် ပျံ့ပွားသည်။
ထိုသို့ဆိုပါမူ သွေးထွက်အောင်၊ အရည်ဖုများ
ပေါက်အောင် ပွတ်ပါလျှင် အခြားနေရာများသို့
ကူးမည်ဟုထင်ပါသည်။ ထိုကြောင့် အငယ်မကို
ညည်း ကင်းမုန်ရွက်အရည်ကို ညှစ်ပြီး အဖုတွေပေါ်
အသာအယာပဲ တို့ပေး၊ အရမ်းကြီး မပွတ်နဲ့နော်၊
ပွတ်ရင် အခြားနေရာတွေကူးသွားမယ်ဟု
ပြောရသည်။ ဆေးခန်းသွားရမှာ ကြောက်သော
အငယ်မသည် ကင်းမုန်ရွက်များဖြင့် သူ့ရေယုန်ကို
ပွတ်နေပေသည်။ နင်က ရေယုန် ငါက ကင်းမုန်
ဟု ပြော၍ ပွတ်ဟု အမေက ပြောသဖြင့်။
ထိုသို့ ပြောဆိုပြီး ပွတ်နေပေသည်။
ရေယုန်ဆိုသည့် ရောဂါအမည်ကို မည်သို့
ပေသည်မသိပေ။ ထိုရေယုန်များကို မြင်ရသော
ခဏ စိတ်မှာ အူယားမိပြန်သည်။ အရေပြား
အပေါ်ယံပေါ်မှာ အရည်ကြည်ဖုများက ပြွတ်ပြီး
စုပေါက်နေသည်။ အရေပြား နေရာကွက်ကလေးမှာ
စုပြီးပေါက်နေသော ထိုရေယုန်များကိုလည်း
ကင်းမုန်လက်ကြားဖြင့် နင်က ရေယုန်၊ ငါက
ကင်းမုန်ဟု ပြောကာကုသခဲ့သည်မှာလည်း
ကျွန်တော်တို့ငယ်စဉ်ကပင်ဖြစ်သည်။ ရေယုန်နဲ့
ကင်းမုန်က မည်သည့်အချိန်က မည်သို့တွေ့ရှိပြီး
မည်သူက အစပြုခဲ့သည်တော့မသိရပေ။
@htwegyi
September 10, 2026