ကြားရက် UCL ပွဲစဉ်တွေထဲမှာ United ပွဲက အစောပွဲ အဖြစ် ပါဝင်လာခဲ့၏။ စိတ်ဒုက္ခ မရောက်ရတာ ကြာနေပြီမလား။ ရှေ့ပွဲစဉ်တွေမှာတုန်းက ညနက်ကြီး ဖြစ်နေတာရယ် Wifi လည်း ပျက်နေတာကြောင့်ရယ် United ပွဲ မကြည့် ဖြစ်ပေ။ ဒါသည်ပင် ငြိမ်းချမ်းခြင်း မဟုတ်ပါလား။ မြင့်စေချင်လို့ နတ်ပြည်တင်ပေးတာ အေးလို့ ပြန်ဆင်းတယ် ဆိုသလိုပေါ့။ စိတ်ချမ်းသာစေချင်လို့ United ပွဲ မကြည့် ဖြစ်အောင် ညနက် သန်းခေါင်တွေ လုပ်လိုက်၊ Wifi ပျက်လိုက်နဲ့ လုပ်ပေးခဲ့၏။ ဒါတောင် ခုပွဲလေးက အစောဆိုတော့ စိတ်က ပြန်လည်ချင်နေ၏။ ပရိတ်သတ် မလား။
Fabregas ရဲ့ Como အသင်းနဲ့ ဖြစ်နေပြန်တော့ ပိုလို့ပင် ကြည့်ချင်လာမိ၏။ Como ကလည်း မိမိ စိတ်ဝင်စားသည့် အသင်း ဖြစ်နေသည် မလား။ သို့နှင့် ပထမပိုင်းတော့ ကြည့်မယ်ကွာဟု တွေးထားလိုက်၏။ ညနေ ကလည်း အိပ်ပျော်ထားတော့ လူက အိပ်ရေးဝနေ၏။ နေ့ခင်းက ဆေးသွားထိုးထားရ၏။ အအေးမိပြီး နှာစေး နေမကောင်းသောကြောင့် ဖြစ်၏။ Sunday မှာ ဒုကျော့က ပြန်ကစားတော့မှာဆို fit ဖြစ်နေဖို့ လို၏။ မြန်မြန် နေကောင်းမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပထမပိုင်းသာ ကြည့်ဖို့ တွေးထားခြင်း ဖြစ်၏။
တကယ်ဆို ပထမပိုင်းပါ မကြည့်လိုက်သင့်ပေ။ United က ဘာကစားကွက်မှ မရှိပေ။ Como ၏ နောက်ကနေသာ လိုက်ကစားခဲ့ရ၏။ ပွဲအစ ၂ မိနစ်မှာတင် Como တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့၏။ ဦးဆောင်ဂိုး ရပြီးနောက် ပွဲကို Como တို့ကသာ အသာစီး ရယူသွားလေ၏။ ပထမပိုင်း တပိုင်းလုံး ပျင်းဖို့ကောင်း၏။ United အနေနဲ့ ခံစစ် ကစားရင်းနဲ့သာ အချိန်ကုန် နေခဲ့ရလေ၏။ ပထမပိုင်း ပြီးတော့ အိပ်လိုက်၏။ မနက် အိပ်ရာနိုး result ကြည့်တော့ ၄-၁ နဲ့ ရှုံး၏။ အံ့ဩပါဘိ United ရေ။
Como အသင်းက မာကျောပြီး ကျစ်ကျစ်လစ်လစ် ကစားတတ်တာသိပါ၏။ သို့ပေမဲ့ United ကို ခုလောက်ထိ ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့တော့ ထင်မှတ် မထားခဲ့ပေ။ မည်သို့များ ဖြစ်သွားခဲ့လေ သနည်း၏။ တော်သေးတာပေါ့ ဒုတိယပိုင်းသာ ဆက်ကြည့်မိရင် နေမကောင်းတာ ပိုဆိုးသွားနိုင်၏။ ဘာတွေ ဆက်ဖြစ် ဘာတွေ ဆက်လုပ်ကြမလဲ United ရေ။
Arsenal ကတော့ Bayern Munchen နဲ့ အဝေးကွင်းမှာ ၂-၂ သရေကျပြီး သရေတမှတ် ရယူနိုင်ခဲ့၏။ Aston Villa ကတော့ Viking ကို ၃-၁ ဖြင့် အနိုင်ယူပြီး ရာနှုန်းပြည့် နိုင်ပွဲ ဆက်လက်၍ ရယူထားနိုင်ခဲ့၏။ Real Betis ကလည်း Feyenoord ကို Isco ၏ ၁ လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရပြီး ၃ ပွဲလုံး အနိုင်ရလဒ် ဖော်ဆောင်ထား၏။ Real Madrid သည်လည်း RB Leipzig ကို ၄-၁ ဖြင့် အနိုင်ရကာ ၃ ပွဲလုံးနိုင် အဖွဲ့ထဲမှာ ပါဝင်နေ၏။ United ကလွဲလို့ UCL မှာ England အသင်းတွေ အခြေအနေကောင်းနေပါ၏။
(photos from UEFA UCL page)