ဆယ်ရက်မြောက်ရှိလာသော ကြက်ပေါက်လေးများက
အသံများ ဆူဆူညံညံပြုလာသည်။ သူရို့လေးတွေ၏
အတောင်ပံလေးများမှာလည်း ထပ်မံပြီး ရှည်ထွက်
လာသည်။ ကြက်လားမြောက်လာကြသည်ဟု
ပြောရမည်။ တနေ့ တနေ့ ကျွန်တော်တို့မှာလည်း
ဒီကြက်မမိသားစုကို အရိပ်တကြည့်ကြည့် ကြည့်နေရ
သည်နှင့် အချိန်ကုန်ပေသည်။
ကြက်ပေါက်များအနက် အဝါကောင်
သုံးကောင်၊ အမဲနှင့်အဖြူဆက်ကြားက သုံးကောင်၊
အညိုအဝါရောစပ်ကတကောင် ပေါင်းခုနှစ်ကောင်
ဖြစ်သည်။ အဝါသုံးကောင်မှာ တနေ့က တကောင်
သေသွားသည်။ ခြောက်ကောင်သာ ကျန်တော့သည်။
ထိုအဝါသုံးကောင်က ပထမဦးစွာ ပေါက်သည့် အကောင်လေးများဖြစ်သည်။ ပထမဦးစွာပေါက်သည့်အကောင်မို့ သန်မာကြမည်ဟု
ပထမ ထင်ခဲ့သည်။
သူရို့လေးတွေ သွားလာလှုပ်ရှားမှုကို ကြည့်၍
အဝါလေးများက သန်မာသည်ဟု ထင်ရသည်။
သို့သော် သုံးရက်မြောက်နေ့မှာ အဝါတကောင်က
ငြိမ်ပြီး လှုပ်ရှားမှုမရှိပေ။ ထိုနောက် သေဆုံးသွား
သည်။ ယခုနောက်တကောင် အဝါရောင်သည်လည်း
ခြေထောက်က ကောင်းစွာ သန်မာမှုမရှိကြောင်း
တွေ့ရပြန်သည်။ သို့ ပေသိ ယနေ့ထိတော့ ဘာမျှ
မဖြစ်သေးပေ။ မနေ့ကပင် ထိုအဝါကောင် နှစ်ကောင်အနက်
တစ်ကောင်က ရွံ့များပေးကာ တပိပိအော်နေ
သည်။ သူတကောင်ထဲ ရွံ့ထဲမှ မထွက်ပဲ အော်နေသည်။
ကြက်မမိသားစုက ထိုအကောင်ကို ချန်ခဲ့ပြီး ထွက်
ခွါလာကြသည်။ ထိုကျန်ခဲ့သောအကောင်က အိမ်သာ
သွားရာလမ်မှာ ကျန်နေခဲ့သည်။
ကျန်နေသောအကောင်က သူ့အမေကို ခေါ်သည်ထင်
တပပိပိဖြင့်အော်နေသည်။ ကျွန်တော်လည်း အိမ်သာ
ဘက်သို့အသွား ကြက်မ အမေကြီးက သူ့ကလေးကို
ကျွန်တောက ရန်ပြုသည်မှတ်၍ ကျွန်တော်ကို
ထိုးဆိတ်ပါလေသည်။ လုံချည်ခံထားလျှက်ပင်ခြေထောက်မှာ
သွေးခြေဥသွားသည်။ တဖန်
ကျွန်တော့်အမက ကြက်မသားအမိကို ဆန်ကျွေး
သည့်အခါမှာလည်း အစာကို ထပ်မံတောင်းယူ
သည့်အနေဖြင့် အမကို ထိုးဆိတ်ပြန်သည်။
ကျွန်တော့်အမက ထဘီမဝတ်ပဲ ဘောင်ဘီတို
ဝတ်ထားသဖြင့် ခြေသလုံးပေါက်သွားသည်။
အမက စိတ်ဆိုးကာ ကြက်မကြီးကို နင့်ကို အစာကျွေးတာ။
ငါ့ကို ဘာလို့ဆိတ်ရတာလဲ။ ဒီကြက်မတော့
နာတော့မယ်ဟု ကြိမ်ဝါးလေသည်။ ကြက်မ မိသားစုကို
အစာကျွေးသည့်အခါ ကြက်ဖကြီးကလည်း အနီးမှာ
လာပြီး တရစ်ရစ်ဝဲဝဲလုပ်ပြန်သည်။ ကြက်မသားအမိ၏
အစာကို ကြက်ဖကြီးက လု စားတတ်ပြန်သည်။
တခါတရံ ကြက်ပေါက်လေးနှင့် ကြက်ဖကြီး အစာလု
သည်ကို ကြည့်ရသည့်အခါ သဘောကျရသည်။
တိရစ္ဆာန်သဘာဝ အစာကိုမက်ပြီး ကိုယ့်အန္တရာယ်ကို
မသိပေ။ ကြက်ပေါက်လေးက ကြက်ဖကြီး၏ အစာကို
သွား၍ လုစားသည်။ ကြက်ဖကြီးက တခါတရံ ပေး
ကျွေးသည့်အခါရှိသလို ရန်ပြု့သည့်အခါလည်း
ရှိပေးသည်။ တနေ့က ကြက်ဖကြီး၏ အစာကို
လုစားသောကြက်ပေါက်လေးသည် သူ့နုတ်သီးမှာ
အစာကို ကိုက်ထားသည်။ ကြက်ဖကြီးက ကြက်ပေါက်လေး၏
နုတ်သီးမှ အစာကို တခါပြန်လုသည်။
ကြက်ဖကြီးက တခါတရံ ကြက်မကြီးအနားကပ်ချင်သည့်အခါ
ကြက်မကြီးက အကပ်မခံသဖြင့်
ရန်ဖြစ်ကြသည်။ ထိုအခါ ကြက်ပေါက်လေးများမှာ
နေစရာမရှိဖြစ်နေသည်။ သူရို့၏ သဘာဝကို
ကြည့်၍ ကြက်အဖေ၊ ကြက်အမေတို့ ရန်ဖြစ်သည့်အခါ
ကြက်ပေါက်လေးများ နေစရာမရှိသကဲ့သို့။
လူမိသားစုလည်း လူဖေဖေ၊ လူမေမေတို့
ရန်ဖြစ်သည့်အခါ လူသားလေးများမှာ နေစရာ
မရှိ ဖြစ်ကြပြန်ပေ၏။
@htwegyi
October 17, 2026