ဘယ်လို လုပ်ကြမလဲ။ အများတကာ အသင်းတွေက ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ ခရီးဆက်နေချိန် ကိုယ်တွေ United က EPL မှာ ၇ ပွဲ ကစားပြီး ၇ မှတ်၊ UCL မှာ ၃ ပွဲကစားပြီး ၃ မှတ်တဲ့ ကောင်းလိုက်ပါဘိ။ မသိရင် အစီအစဉ်ချပြီး ကစားနေသလိုပင်။ မနှစ်က အဆင့် ၃ နဲ့ ရာသီ သိမ်းနိုင်ခဲ့၏။ ထို အရှိန်အဟုန်က မည်သို့ မည်ပုံ ဖြစ်ပြီး ဘယ်ရောက်သွားခဲ့လေ သနည်း။ မနှစ်က ရာသီကုန်ခါနီးမှာ အတော်လေး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့၏။ အဆိုပါ ကြိုးစားမှုကြောင့် ဒီရာသီမှာ UCL ကစားခွင့် ရခဲ့သည် မဟုတ်လား။
မနှစ်က မှော်ဆရာလေး Michael Carrick ရဲ့ ပြကွက်တွေ ကုန်ဆုံးသွားခဲ့လေပြီလား။ ပြကွက် အသစ်တွေ မရှိတော့ဘူးလား။ မနှစ်က အံအားသင့်စရာတွေ လုပ်ပြခဲ့ပေမဲ့ ဒီနှစ်မှာတော့ စိတ်အားလျော့စရာတွေချည်းသာ တွေ့မြင်နေခဲ့ရ၏။ မနှစ်က ရလဒ်ကောင်းတွေ ရယူပေးခဲ့တဲ့ လူစာရင်းကိုပဲ ဒီနှစ်မှာ အခြေတည်ထားခဲ့သည် မဟုတ်လား။ ကွင်းလယ်လူ Casemiro မရှိတော့တာက လွဲလို့ ကျန်တာက အရင် လူစာရင်း အတိုင်းပဲလေ။
EPL အတွေ့အကြုံများနေပြီ ဖြစ်တဲ့ Aston Villa ကွင်းလယ်လူ Tielemans ကို ခေါ်ယူထားပြီး အခြား ကွင်းလယ် ကစားသမား ၂ ယောက်ကိုလည်း ခေါ်ယူအား ဖြည့်ထား၏။ သို့ပေမဲ့ တကယ် အရေးကြီးသည့် နောက်တန်းနှင့် တိုက်စစ်ကိုတော့ ဖြည့်တင်းထားခြင်း မရှိပေ။ ဒါကြောင့် ဂိုးမရခြင်းနှင့် ဂိုးပေးရခြင်းတွေ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။
ဒီ အစုအဖွဲ့နဲ့က EPL မပြောနဲ့ UCL တောင် အဆင်ပြေဖို့ မမြင်ပေ။ တယယ်လည်း စစ်မျက်နှာ နှစ်ဖက်လုံးမှာ တလွဲတွေနဲ့ ရလဒ်တွေ ဆိုးရွားနေသည် မဟုတ်ပါလား။ တခုခုဆို နည်းပြကိုချည်း လက်ညှိုးထိုးနေရတာကလည်း မဟုတ်ပြန်သေး။ မနှစ်ကတော့ Carrick လေး Carrick လေး။ ခုကြတော့ Carrick ကြီးက ဘာတွေ လုပ်နေမှန်း မသိပါဘူးကွာဆိုပြီး ဖြစ်ကုန်ကြပြန်၏။ အနိမ့်အမြင့် အတက်အကျတွေက မြန်ဆန် လွန်းလှ၏။
ရာသီသစ် မစခင်တုန်းက အများကြီး မျှော်လင့်ထားမိ၏။ ငါတို့ UCL လည်း ပြန်ကစားရပြီ မဆိုးဘူးပေါ့။ ဒါပေမဲ့ အပြောင်းအရွှေ့၊ ကစားသမား ဝယ်ယူ ဖြည့်တင်းမှုကို တွေ့မြင်ရပြီး နောက်မှာ မျှော်လင့်ချက်တွေ အနည်းငယ် အရောင်ဖျော့လာ၏။ ရာသီလည်း စရော တွေးထင်ထားသည့်အတိုင်း ဖြစ်လာလေတော့၏။ ဒီအသင်းကို အားပေးရတာလည်း တကယ့်ကို စိတ်ဒုက္ခပင်။ မည်သို့ပင်ဆိုစေကာမူ ဆက်လက်ပြီး အားပေးနေရဦးမှာပဲ မလား။
(photos from Man United pge)