ဆယ်ပြားအောက် ရောက်နေသော Hive ဈေး
ကိုတော့ မပြောလိုတော့ပါဘူး။ ရင်နာစရာ
အကြောင်းတွေ မတွေးတာလည်း ကောင်းပါတယ်။
ရင်နာစရာတွေထဲ Hive လည်း ပါလာခဲ့ပြီမို့။
ပျော်စရာ အကြောင်းတွေသာ တွေးချင်တာ
လူ့သဘာဝ။ အပေါင်းသဟာရာများရယ်နဲ့
ကောင်းတာကိုမှ စားမယ် ဆိုသလိုပါလေ။
ကောင်းတာစား၊ ကောင်းတာနဲ့နေ၊ ကောင်းပေ့
ညွှန်းပေ့ ဆိုတာတွေနဲ့ လူတိုင်းက နေချင်ကြတာ
ကလား။
ကိုယ်တွေလည်း လူထဲက လူပေမို့ ကောင်းတာလေး
တွေ စားချင်၊ သောက်ချင်ဖြစ်မိတာပ။ သို့ပေသိ
ထိုသို့ နေထိုင်စားသောက်သည်က တရားသဖြင့်
ရှိပါ၏လော။ အများတကာ မျက်ရည်ကျလောက်
စေသလော စဉ်းစားမိကြသလားမသိပေ။
အများမိုးခါးရေသောက် သောက်လိုက်ကြတာပေါ့
ဟု လူကများပေမည်။ တိုးတက်ဖို့ အရေးကြီးတယ်၊
ချမ်းသာဖို့ အရေးကြီးတယ်၊ ငါ့မိသားစု ငါ့ဆွေမျိုး
ချမ်းသာဖို့က အရေးကြီးတယ် ဆိုသူက များပေသည်။
ဒီလို လူတွေ များလာတော့လည်း ယခုလိုမျိုး
ဖြစ်လာတာပေါ့လေ။ အင်း စိတ်ချမ်းသာ စရာ
အကြောင်းလေးတွေများ ရေးမည်ဟု စိတ်ကူး
ပါသော်လည်း ဘယ်က ဘယ်လိုတွေ ရေးမိပါလိမ့်။
စိတ်ချမ်းသာစရာကတော့ ဟိုတလောက
အချဉ်ပေါင်းရောင်းသည့် ဖက်တီမ၊ အချဉ်ပေါင်းမှ
ငါးရေခွံ၊ အားလူးကြော်ပြောင်းရောင်းသူအဖြစ်
ရောက်ရှိသည်။ ထိုမှတဆင့် တနေ့က အနှီးဖက်တီးမ
အလှူပေးသည်။ အလှူမှာ ဆန်အိတ်ငါးရာကုန်
အောင်ကျွေးသည်။ အမရပူရ တောင်ဘက်၊
မြောက်ဘက်နှင့် တောင်သမန်လာသူအပေါင်းကို
ကျွေးမွေးသည်။ ကောင်းပေစွ။
ထိုသို့ ဆန်အိတ်ငါးရာကုန်အောင် ကျွေးမွေးပါသော်လည်း
အလှူထမင်း မစားရသူများရှိသဖြင့်
ဝမ်းနည်းကာ မျက်ရည်များကျသမှုကို သူမ၏
တစ်တော့မှာ တွေ့မြင်ရသည်။ ကျွန်တော်မှာ
တစ်တော့မရှိပါဘူး။ အမနှင့် တူမများ၏ ဖုန်း
များမှာ သူရို့ကြည့်နေသည်ကို မြင်တွေ့ရခြင်း
ဖြစ်သည်။ ကံတရာဆိုသည်က ဆန်းကြယ်တယ်လား။
အချဉ်ပေါင်းရောင်းသူတဦးအဖို့ ယခုလို အလှူကြီး
ပေးရမည်ကို အိပ်မက်ပင် မက်ဖို့ ခက်ပေမည်။
အင်း သို့ ပေသိပေါ့လေ သူမလို ကံကောင်းသူ
တဦးစ နှစ်ဦးစ ရှိပေသော်လည်း။ လူလုပ်၍
ကံဆိုးသူအများက ထောင်သောင်းရှိပေသည်။
အသက်အတွက် အန္တရာယ်အတွက် ပုန်းလျှိုဖို့
ပြေးလွှားနေကြသူ လူကြီး၊ လူငယ်နှင့် ကလေး
သူငယ်များကို မြင်ကြားရပြန်တော့ စိတ်မချမ်းမြေ့ပေ။
သဘာဝကြောင့်မဟုတ်၊ လောဘ၊ ဒေါသနှင့်
မောဟများကြောင့် သက်ကြီးရွယ်အို လူမယ်
ကလေးများ အတိဒုက္ခရောက်ရှာကြသည်။
လောဘအမှိုက် ဖုံးလွှမ်းနေကြ၍ မေတ္တာတရားများ
ပျောက်ဆုံးနေသည်။ အပူများသဖြင့် အအေးတို့က
ဝေးရာမှာ နေရှာသလို။ လောဘမီး၊ ဒေါသမီးတို့
တောက်လောင်းမှုကို မေတ္တာရေဖြန်းမှုက
အတော်နည်းနေသေးတယ် ထင်ပါ့။
@htwegyi
February 12, 2026