Brentford က Chelsea ကို အိမ်ကွင်းမှာ ၃-၀ ဖြင့် အနိုင်ရခဲ့ပြီးနောက်မှာ နောက်ထပ် သုံးဂိုးပြတ်သည့်ပွဲ ထပ်မံ ထွက်ပေါ်လာခဲ့၏။ Brighton vs Arsenal ပွဲစဉ် ဖြစ်၏။ Arsenal နိုင်သွားခြင်း မဟုတ် ၃-၀ ဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်၏။ ချန်ပီယံကြီး မည်သို့ ဖြစ်သွားခဲ့လေ သနည်း။ ပွဲစဉ် ၄ အထိ နိုင်ပွဲ ရခဲ့ပေမဲ့ ပွဲစဉ် ၅ မှာတော့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရလေတော့၏။ Brighton ကို အထင်သေးလို့ရယ်တော့ မဟုတ် လက်ရှိ ခြေစွမ်းအရ Arsenal အနေနဲ့ မရှုံးလောက်ဘူး ထင်မှတ်ထားခဲ့မိ၏။
Brighton ကလည်း ခြေစွာနေသည်ကိုး။ ကြားရက် Carabao Cup ပွဲစဉ်မှာ United ကို ၂-၃ ဖြင့် အနိုင်ရခဲ့သလို ခု Arsenal ကိုလည်း ၃-၀ ဖြင့် အနိုင်ရခဲ့ပြန်၏။ ယခု ရှုံးပွဲကြောင့် Arsenal တို့ အဆင့် ၂ နေရာသို့ ရောက်သွားခဲ့လေ၏။ Brighton ကတော့ အဆင့် ၃ နေရာသို့ တက်လှမ်း လာခဲ့လေ၏။
ဒီတပတ်မှာ လန်ဒန် အသင်းတွေ ကံဆိုးနေသည်ဟု ပြောရမယ်ထင်။ Tottenham ကလည်း အိမ်ကွင်းမှာ Aston Villa ကို ၂-၃ ဖြင့် ရှုံးနိမ့်သွားခဲ့ပြန်၏။ ပွဲစဉ် ၅ အရောက်မှာ Tottenham တို့ ဂိုးပေါက် ရှာတွေ့ခဲ့ပေမဲ့ နိုင်ပွဲတော့ မရခဲ့ပေ။ ဧည့်သည်အသင်းက ၃ ဂိုး အရင် သွင်းပြီး ပွဲကို ဦးဆောင်ထားခြင်း ဖြစ်၏။ Tottenham တို့ ၈၆ နှင့် ၉၀+၈ မိနစ်တို့မှာ ဂိုးသွင်းယူနိုင်ခဲ့လို့သာ ဂိုးပြတ် ရှုံးနိမ့်မယ့် အခြေအနေကနေ လွတ်မြောက် နိုင်ခဲ့ခြင်း ဖြစ်လေ၏။ ဘဝတူချင်းကိုမှ Aston Villa က အနိုင် ၃ မှတ် ရယူ သွားခဲ့ခြင်း ဖြစ်၏။ Aston Villa အတွက် ပထမဆုံး နိုင်ပွဲလည်း ဖြစ်လေ၏။
Everton အသင်း အနေနဲ့ ၁၁ မိနစ်မှာ သွင်းယူခဲ့သည့် Barry ၏ ၁ လုံးထဲသော ဂိုးဖြင့် Ipswich ကို အနိုင်ရကာ ၂ ပွဲနိုင် ၃ ပွဲ သရေ ရမှတ် ၉ မှတ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေ၏။ တန်းတက် အသင်းတွေထဲမှာ ခြေစွာနေသည့် Hull City ကိုတော့ New Castle က အိမ်ကွင်းမှာ ၂-၁ ဖြင့် အနိုင်ယူသွားခဲ့လေ၏။ ပွဲစပြီး ၃ မိနစ်နှင့် ၇ မိနစ်တွေမှာတင် အိမ်ရှင်အသင်းက ၂ ဂိုးဆက် ရသွားခဲ့ခြင်း ဖြစ်၏။ ၆၇ မိနစ်မှာမှ ဧည့်သည်အသင်း ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့၏။ သရေကျအောင် မစွမ်းဆောင်နိုင်သဖြင့် ဧည့်သည် Hull City တို့ EPL ပထမဆုံး ရှုံးပွဲနှင့် ရင်ဆိုင်သွားခဲ့ရလေတော့၏။
Nottm Forest vs Coventry ပွဲစဉ်မှာတော့ ၅၅ မိနစ်မှာ သွင်းယူခဲ့သည့် ၁ လုံးထဲသော သွင်းဂိုးနဲ့ ဧည့်သည် Coventry အသင်း အနိုင်ရသွားခဲ့လေ၏။ Coventry အတွက် EPL ပထမဆုံး နိုင်ပွဲလည်း ဖြစ်၏။ စနေနေ့ ပွဲစဉ်တွေ အနေနဲ့ သရေပွဲစဉ်များ မပါဘဲ အရှုံးအနိုင် အဖြေပေါ်သည့် ပွဲစဉ်တွေသာ ရှိခဲ့၏။ ဒီနေ့မှာတော့ Bournemouth vs Liverpool, Leeds vs Crystal Place, Man City vs Sunderland, Fulham vs Man United အသင်းတို့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။
(photos from EPL page)