အပျိုကြီး ညီအမတတွေ ငွေတိုးပေးစားကြတာ
လူသိမှာလည်းစိုး။ ငွေတိုးကလည်း ရချင် အဲ့တော့
သူရို့ အဖြစ်အပျက်က ဘာနဲ့များတောင် သွားတူ
နေသလဲ။ ညီအမနှစ်ဦး အပြိုင်အဆိုင် ဝင်ငွေရဖို့
ကြိုစားအားထုတ်ကြသည်။ ဟိုဟာရောင်းရမလား၊
ဒီဟာရောင်းရမလား၊ ဟိုဟာဆိုပါရင် ဘယ်လို၊
ဒီဟာဆိုပါရင် ဘယ်ညာနဲ့ ဈေးရောင်းဖို့ ကဏ္ဍကို
မရောက်နိုင်ကြပေ။
သူရို့က ဈေးရောင်းရငွေထက် အတိုးပေးမှရသော
ငွေကို မက်မောကြလေသည်။ ဟုတ်ပေမပေါ့
ဈေးရောင်းရသည်က အလုပ်ရှုပ်ရသည်။ ငွေတိုး
က ဘာမှမရှုပ် ရော့ငွေ၊ ပေးအတိုးဟုဖြစ်သည်။
သူမတို့ ရပ်ကွက်မှာလည်း ငွေတိုးချေးငှားသူက
ရှားပါးသည်။ လက်လုပ်လက်စားများက များသည်။
သို့ပေသိ ငွေတိုးပေးသူ တဦးတော့ရှိသည်။
ငွေတိုးပေးသူ အမျိုးသမီးက နေ့စဉ် ညနေဆိုပါမူ
ဆိုင်ကယ်ဖြင့် ပေါက်ချလာပြီး ငွေချေးသူတို့၏
အိမ်ပေါက်စေ့သို့ လိုက်လံ ကောက်ယူတတ်သည်။
ထိုငွေတိုးချေးသူအမျိုးသမီးက အပေါက်ကြမ်း
သည်ဟုပြောသည်။
အပေါက်ကြမ်းဆိုသည်ကား ပါးစပ်ပေါက်မှ
ပြောစကားများက ကြမ်းတမ်းသည်ကိုဆိုပေသည်။
ငွေတိုးချေးသူတို့၏ ထုံးစံက အများအားဖြင့်
အပေါက်ကြမ်းသူက များပေသည်။ ထိုသို့
အပေါက်ကြမ်းနိုင်မှလည်း သူတို့၏ချေးထားသော
ငွေများက ပြန်လည်ရယူနိုင်သော နည်းတခုလည်း
ဖြစ်ပေသည်။ ချေးငွေတောင်းသော အခြားသောနည်းများလည်း
ရှိကြပေအုံးမည်။ အပေါက်ကြမ်းမှု
ကိစ္စသည်က လူအများလက်တွေ့ကျင့်သုံးသည့်
လွယ်ကူ မြန်ဆန်သည့်နည်းဖြစ်ပေသည်။
အပျိုကြီးညီအမနှစ်ဦးသည်က ထိုသို့အပေါက်ကြမ်း
သူများမဟုတ်ကြပေ။ ငွေချေးသည်ကိုလည်း
လူသိမှာ ကြောက်သူများဖြစ်သမို့ သူမတို့ထံသို့
ငွေချေးသူ ပါရဂူတို့က မျက်စေ့ကြပေကုန်သတည်း။
ငွေချေးသူဆိုသည်ကလည်း ငွေချေးစဉ်က
အဘယ်သို့ ညာသို့ အမျိုးမျိုး ပလီပလာပြောဆိုကာ
ချေးယူကြသည်။ ငွေပြန်ဆပ်ကြရသည့်အခါမှာတော့
ငွေချေးသူတိုင်းသိကြမည်ထင်ပါသည်။
အဲ ထိုသို့ ငွေချေးသူများအနက် အပျိုကြီးညီအမ
ထံသို့ ငွေချေးသူက ပထမတစ်သိန်းချေးသည်။
တစ်ရက်ကို တသောင်း၊ ငါးထောင်ဖြင့် ဆပ်သည်။
ငါးရက်ခန့်ဆပ်ပြီးနောက် နောက်ထပ် တစ်သိန်းခွဲ
ချေးပြန်သည်။ ထိုသို့ ချေးပြီး တစ်ရက်ကို
တစ်သောင်းပေးလိုက်၊ ငါးထောင်ပေးလိုက်၊
နှစ်သောင်းပေးလိုက်ပြုလုပ်သည်။ ငါးရက်ခန့်
အကြာမှာ နောက်ထပ် ထပ်မံ၍ ငွေနှစ်သိန်းချေး
ငှားပြန်သည်။ ချေးသူက တဦးတည်းပင်။
သို့ပေသိ ဘယ်သူက၊ ဘယ်ဝါက ပြောဆိုပြီး
ငွေချေးသည်။ ထိုအခါ ပထမတစ်သိန်း၊ ဒုတိယ
တစ်သိန်းခွဲနှင့် နောက်ဆုံးနှစ်သိန်းမှာ အပျိုကြီး
ညီအမခမျ ရှေ့အတိုး၊ နောက်အတိုးနှင့် ချေးယူငွေများ
ဖြင့် ရွာလည်ကုန်ကြပေသည်။
နောက်ဆုံးမှာတော့ ညီအမနှစ်ဦးသည် ငွေချေး
သူကို တော်ပြီးအေ ညည်းချေးယူထားတဲ့
ငွေတွေသာ ပြန်ပေးတော့ ညည်းအတိုးလည်း
မယူတော့ဘူးဟုပြောသည်။ ညီအမနှစ်ဦးက
ထိုသို့ ပြောသည့်အခါမှာတော့ ငွေချေးသူက
နေ့ပြန်ငွေများ မဆက်နိုင်တော့ပေ။ ငွေချေးသူက
သူမတို့ငွေဖြင့် ငွေကစားကာ ထိုငွေကို အသုံးပြု
ခဲ့သည်။ သူရို့ညီအမကလည်း သိကြပေသိ
နောက်ပိုင်းမှာ ငွေများလာသဖြင့် ပြန်ခေါက်ခြင်း
ဖြစ်ပေသည်။ ထိုအခါ ငွေချေးသူက အင်း
ဟိုဒင်း ဟိုဟာ ပြောပြီး နေ့ပြန်ငွေကို မဆပ်နိုင်တော့ပေ။
တစ်ရက်ခြား၊ နှစ်ရက်ခြားဖြင့် ငွေကို ပေးသည့်အခါ ရှိသလို
ရက်ကြာသည့်အခါလည်း ရှိပေသည်။
အပျိုကြီးတို့ ညီအမလည်း သူရို့ငွေလေး ပြန်ရရေး
နေ့စဉ် သတိပေးနှိုးဆော် ပြောနေရပေတော့သည်။
@htwegyi
September 14, 2026