သံယောဇဉ် သီတင်းကျွတ်

Words
171
Reading
1 min
4h
Listen to this post
~1 min

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုသည့် စကားလုံး၊
စာသားကို ကျွန်တော်အမှတ်တရရှိနေသည်။
ထိုစကားလုံးကို မည်သူရေးသားခဲ့သည်ကို မမှတ်မိတော့ပေ။
အေအိုင်မှာ ရှာကြည့်ပါရင် ရမလားမသိပေ။
ကျွန်တော်တို့မှာလည်း နိစ္စဓူဝကိစ္စလေးတွေကိုပင်
အေအိုင်ကို အားကိုးမေးမြန်နေကြသည်။ အေအိုင်
ဆိုသည့် အရာကလည်း လူသားများမတွက်
အဆင်ပြေသား။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်
ဘေး ဆိုသည့် စကားကလည်းရှိသေးသမို့ ချင့်ချိန်
သုံးကြရပေမည်။

ယနေ့က ကျွန်တော်တို့မိသားစုအတွက် မျိုးဆက်သစ်
ကလေးတဦးတိုးပွားလာပေသည်။ တူမဖြစ်သူက
မွေးဖွားလာသည့် ကျွန်တော်တို့ရဲ့ မြေးဦးလေး
ဖြစ်ပေသည်။ သားဦးလေးမို့ သူရို့မိဘနှစ်ဦးကလည်း
သည်းသည်းလှုပ်သည်။ အထူးသဖြင့် ကလေးအဖေ
ဖြစ်သူက ပို၍ သည်းပေသည်။ ကိုယ်ဝန်ရှိသည်နှင့်
သူရို့ မောင်နှံက ကလေးအတွက် ပြင်ဆင်ကြသည်။
အိုဂျီထံ မွေးရက်ပေးသည်က ဗုဒ္ဓဟူးနေ့မှာ မွေးမည်ဟု
ရက်ရွေးထားသည်။ မနက် နှစ်နာရီမှာ ဗိုက်က တချက်
တချက် နာလာသည်ဟုပြော၍ ဆေးရုံသို့ မနက်သုံးနာရီမှာ
သွားပြကြသည်။

ယခင် သုံးပတ်အလိုကလည်း ရေမွှာပေါက်သည်ဟု
ဆိုကာ ဆေးရုံသွားပြရသေးသည်။ ဆေးရုံ မှာ
တစ်ညအိပ်ရသည်။ အိုဂျီက စစ်ဆေးပြီး အဆင်ပြေသေးသည်
နေလို့ရသေးသည်။ တနေ့ကို ရေ သုံးလီတာ
သောက်ပါဟု ပြောလိုက်သည်။ ကိုယ်ဝန်သည်ကိုတော့
လှုပ်လှုပ်ရှားရှားမလုပ်ရဟု ပြောလိုက်သည်။ မနက်ကတော့
ဗိုက်နာလာသဖြင့် ရက်ချိန်ထက် တစ်ရက်စော၍ မွေးလိုက်ရသည်။

ဗုဒ္ဓဟူးနေ့ မွေးရမည်ဆိုပြီး နေ့နံအမည်များပင်
ရှာဖွေထားကြသည်။ သီတင်းကျွတ် လပြည့်ကျော်
နှစ်ရက်နေ့ မွေးမည်ဟု ရက်ရွေးထားသည်။
သို့ပေသိ သီတင်းကျွတ် ညက ဗျောက်အိုးများ၊
မီးရှူးပန်းများဖွင့်ကြ ဖောက်ကြသဖြင့်
ဗိုက်ထဲမှ ကလေးက သူလည်း ဆော့ချင်သဖြင့်
စောစီးစွာတစ်ရက်ကြို ထွက်လာခြင်းဖြစ်ပေမည်။
လပြည့်ညက ဖောက်လိုက်ကြသည့် မီးရှူးပန်းများက
ရင်ထိတ်စရာကောင်းပေသည်။

မီးရှူးပန်းတစ်ခုကို သိန်းကျော်ပေးရသည်ဟုပြောသည်။
မီးရှူးပန်းများက မိုးပေါ်သို့ ဝုန်းကနဲ့
မြည်ပြီး တက်သွားကာ ရောင်စုံမီးရှူး၊ မီးပန်းများက
ဖြာကနဲ့ ဖြင့် ကောင်းကင်ယံမှာ လှပနေပေသည်။
လှပသော မီးရှူးပန်းများမြင်ရသည့်အပြင်
ရင်ထဲထိ တုန်စေသော ဗျောက်သံနှင့်အတူ
ထိုမီးရှူးပန်းများကို မြင်ကြရသည်။ မီးရှူးပန်း
မြည်သံအချက်ပေါင်းကို ရေတွက်ကြည့်ရာ ခုနှစ်ချက်၊
ရှစ်ချက်မှ ဆယ်ချက်အထိ အသံကြားရပေသည်။

သီတင်းကျွတ်ညသည်က ဗျောက်ဖောက်သံ၊ မီးရှူးပန်း
လွတ်သံ၊ မီးပုံးများဖြင့် တနှစ်ပြီးဆုံးသွားပေသည်။
ယခုနှစ် သီတင်းကျွတ်ကတော့ အမှတ်တရရှိခဲ့ပေသည်။
ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် ကလေးငယ်တဦး
ကမ္ဘာမြေသို့ ရောက်ရှိလို့ လာပေသည်။ သံယောဇဉ်
ကြိုးတချောင်းတိုးလို့လာသည်။ သံယောဇဉ်ဆိုသည်က
တတ်နိုင်သမျှ ဖြတ်ရမည်ဟုသိသော်လည်း မဖြတ်
နိုင်သေးသည့်အပြင် နောက်ထက် ကြိုးမျှင်တခုပင်
တိုး၍ လာပါရောလား။

htwegyi@htwegyi
October 27, 2026