မနေ့က သီတင်းကျွတ် လပြည့်နေ့ ဖြစ်လေ၏။ ဝါလ ကင်းလွတ် သတင်းကျွတ်ဟု ခေါ်ဆိုကြသလို မိုးလေ ကင်းလွတ် သတင်းကျွတ်ဟုလည်း ဆိုကြ၏။ ရှေ့က စကားစုက ဘယ်အချိန် ဖြစ်ဖြစ် မှန်နေမှာ ဖြစ်ပေမဲ့ နောက်က စကားစုက ဒီဘက်ခေတ်မှာတော့ မမှန်တော့ပေ။ ကျနော့် အသက် ၂၀ ကျော်လိုက်ထိ မိုးလေ ကင်းလွတ် သီတင်းကျွတ်က မှန်နေခဲ့ပါသေး၏။ သို့ပေမဲ့ နောက်ပိုင်းမှာ ရာသီဥတုတွေ ဖောက်ပြန်မှုကြောင့် သီတင်းကျွတ်တင်မက တန်ဆောင်မုန်းအထိပါ မိုးက ပါလာလေ့ ရှိ၏။ မိုးလေ မလွတ် သီတင်းကျွတ်ဟု ဆိုရတော့မယ် ထင်ပါရဲ့။
အယ်နီညို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာတဝှမ်းက မိုးလေဝသ ပညာရှင်တွေက သတိပေးချက်တွေ ထုတ်ပြန်ထား၏။ အပူတခုပဲ လွန်ကဲမည် မဟုတ်ဘဲ မိုးလေနဲ့ အအေးလွန်ကဲတာတွေလည်း ဖြစ်နိုင်၏။ သူ့အပိုင်းနဲ့သူ ဆိုးရွားမည် ဆိုသည့် သဘောပင်။ ထို့ကြောင့်လည်း ဒီရက်ပိုင်း မနက် နေ့လည် နေတွေပူပြီး ညနေစောင်းနဲ့ ည ဆို မိုးတွေက ထထရွာလေ့ ရှိ၏။ ခပ်ဖွဲဖွဲ မဟုတ် သဲသဲမဲမဲကို ရွာခြင်း ဖြစ်၏။ ဒီပုံအတိုင်းဆို တန်ဆောင်တိုင် မိုးလွတ်ပါ့မလား။
ရှေ့ နှစ်တွေကလည်း တန်ဆောင်တိုင် မိုးမလွတ်ပေ။ မိုးမလွတ်တော့ မီးပုံးပျံတွေ လွှတ်တင်ဖို့ရာ အခက်တွေ့လှ၏။ လာရောက် လည်ပတ်သူတွေလည်း အဆင်မပြေမှုတွေ ကြုံရ၏။ တောင်ကြီး တန်ဆောင်တိုင်က ကမ္ဘာကျော်နေပြီ ဖြစ်၏။ အာဏာသိမ်းသည့် နိုင်ငံ မတည်ငြိမ်မှု ကိစ္စ ကြီးသာ မရှိရင် ဘယ်လောက်များ စည်ကားနေမလဲ တွေးမိ၏။ ကျနော် တန်ဆောင်တိုင် မလည်ဖြစ်တာ COVID-19 ပြီးကတည်းက ဖြစ်၏။
အာဏာသိမ်းကာလ တန်ဆောင်တိုင်ပွဲတော်က ပျော်ရွှင်ဖို့ မကောင်းဟု ခံစားရ၏။ ပွဲတော် ကျင်းပပေမဲ့ နာမည်ကြီး နာမည်ရှိ မီးအဖွဲ့မှာ ခုထိ ပြန်လည်လို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိကြသေးပေ။ ချစ်စရာ၊ လေးစားစရာပင်။ အရင်အခြေအနေ ပြန်ရောက်မှ ပြိုင်မယ်ဆိုတဲ့ အဖွဲ့တွေ များ၏။ အယ်နီညိုနဲ့တော့ ဒီနှစ်လည်း မိုးနဲ့ ပွဲနဲ့ တွေ့ဦးမယ် ထင်ပါရဲ့။
မနေ့က လပြည့်နေ့ ဘုန်းကြီးကျောင်းတက်၏။ ဘုန်းကြီးကျောင်း ၃ ကျောင်းတက်၏။ နောက်ဆုံးတက်သည့် ကျောင်းမှာ အမတို့၏ အသိက အလှူ (ဖိတ်) လုပ်သဖြင့် တမိသားစုလုံး ထမင်းစားကြ၏။ နေ့လည်စာ အလွတ်ပေါ့။ စားကောင်းကောင်းနဲ့ စားလိုက်တာ ဗိုက်လည်း အတော်ပြည့်သွား၏။ နေ့လည် ၂ နာရီမှာတော့ ဆိုင်းမဆင့် ဗုံမဆင့် မိုးထရွာ၏။ သဲသဲမဲမဲကို ရွာ၏။ ညနေ ၃ နာရီလောက်မှာ မိုးတိတ်သွား၏။ Futsal Training လုပ်ရန် ကွင်းသို့ သွား၏။
မိုးက နောက်တကြိမ် ထပ်ရွာပြန်၏။ ဒီတကြိမ်လည်း သဲသဲမဲမဲပဲ။ ညနေ ၆ နာရီကျော်က ရွာလိုက်တာ ည ၈ နာရီ ထိုးခါနီးမှ တိတ်လေ၏။ ဘောလုံးကွင်းကနေ အပြန် ကောင်းကင်ကြီး လှနေတာနဲ့ ညအလှကို ခံစားရင်း ဓါတ်ပုံ ရိုက်ထားမိ၏။ လပြည့်နေ့ ရှေ့တရက် ကတည်းက အမေနဲ့ ဦးလေး၊ အဒေါ် တို့ကို ကန်တော့ထားပြီး ဖြစ်၏။ လပြည့်နေ့မှာ ကျနော်တို့လို လည်ပတ်ရတာ မကြိုက်သူတွေကတော့ ဘောလုံးကန်ကြသည်ပေါ့။ ဒီဘက်မှာတော့ သီတင်းကျွတ်လပြည့်နေ့တိုင်း မီးပုံးပျံ လွှတ်ကြ၏။ သာမန် မဟုတ် အကြီးအကျယ်ကို လွှတ်ခြင်း ဖြစ်၏။ တန်ဆောင်တိုင် အကြို သွေးပူ အနေနဲ့ပေါ့။