သီတင်းကျွတ် ယမကာ။

Words
172
Reading
1 min
5h
Listen to this post
~1 min

"ဒေါ်ကြီး ဒေါ်ကြီး"

"ဟဲ့ ခြံတံခါးဝက လူခေါ်သံကြားတယ် တံခါးသွားဖွင့်
ပေးကြပါအုံး"

အမေ့ကို ဒေါ်ကြီးဟု ခေါ်တာ အမေ့ရဲ့ တူများကသာ
ခေါ်ကြသည်။ ထိုသို့ ခေါ်သူကလည်း ရှားပေသည်။
ခြံတံခါးပေါက်မှ အများအားဖြင့်ခေါ်သည့် အသံများမှာ
အမ၊ ကိုထွေး၊ လူပျိုကြီး အစရှိသဖြင့် ခေါ်သည်က
များပေသည်။ အမေကို အများအားဖြင့် အဘွား
ဟုသာ ခေါ်ကြသည်။ အမေ့အသက်က ကိုးဆယ်ကျော်
ပြီးဖြစ်သည်။

ဒေါ်ကြီးဟု ခေါ်သံနဲ့အတူ အမေ့ရဲ့တူ ဒုတိယကောင်
ဖြစ်သည်။ အမေ့မှာ မောင်နှမများစွာရှိသည့်အနက်
အမေ့ရဲ့ အငယ်ဆုံးညီမက မွေးသောတူဖြစ်သည်။
အမေ့ရဲ့ ညီမအငယ်ဆုံးက သားများချည် ခုနှစ်ယောက်
မွေးခဲ့သည်။ အငယ်ဆုံးက စောစီစွာ လူ့လောကကြီးမှ
ထွက်ခွါသွားသည်။ အမေမွေးပေါက်ဖော်များအနက်
အမေနှင့် ဒုတိယမြောက်ညီမသာ လူ့လောကကြီးမှာ
ကျန်ရှိတော့သည်။
ယခု ဒေါ်ကြီးဟု ခေါ်သူသည် သားခုနှစ်ယောက်မှ
အငယ်ဆုံးမှစလျှင် ဒုတိယမြောက်ဖြစ်သည်။
သူကလည်း ကျွန်တော့်အကို တာယာပွကြီးကဲ့သို့
ယမကာလုလင်တဦးဖြစ်သည်။ အမေက သူ့တူ
လာသဖြင့် ဟဲ့ ငါ့တူကို မုန့်ကျွေးလိုက်အုံး၊ လက်ဖက်လည်း
ကျွေးပါဟဲ့ ဟုပြောသည်။ တူဖြစ်သူက

" ဟာ ဒေါ်ကြီးကလည်း အဖက်တွေဘာတွေ
လုပ်မနေနဲ့ ကျုပ်က အရည်ပဲ ကြိုက်တာ"

ဟုပြောသည်။ တူဖြစ်သူက အရည်ကြိုက်သည်ဟု
ပြောသဖြင့် ဟဲ့ ငါအိတ်ထဲက ယူသွားပြီး
လက်ဘက်ရည် ဝယ်ချေစမ်း ဟု ပြောသည်။
အမေ့ပြောစကားအဆုံးမှာ ကျွန်တော်တို့မှာ
တဝါးဝါးဖြင့်ရီမောလိုင်ကြသည်။

"အမေ့တူကြိုက်တာ အဲ့ လက်ဘက်ရည်မဟုတ်ဖူး
အမေ့ရဲ့၊ အမေ့သားကြိုက်တဲ့ အရည်နဲ့ အတူတူပဲ"
ဟုပြောလိုက်ရာ။

"ဟယ် အဲ့သဟာတော့ မဖြစ်ဖူး၊ အဲ့အရည်တော့
ငါငွေကုန်ခံပြီး မတိုက်ဖူးဟေ့၊ ငါ့ယောက်ျားတောင်
မလွဲသာလို့ ကြည့်နေရတာ။ အဲ့ အရည်ကြောင်ပဲ
သေသွားရတာ။ ငါ့တူတွေက ငယ်ငယ်လေးရှိသေးတာ
တယ်မိုက်ကြတာကိုး"

"ဒေါ်ကြီးက မသောက်ဖူးပဲနဲ့ မိုက်တာလို့ပြောတာ။
ဒေါ်ကြီးသောက်ကြည့်ရင် လက်ဘက်ရည်ထက်
ပိုကောင်းတာ သိသွားမယ်"

"ဟယ် ဒီကောင် ဘာတွေလာပြီး မဟုတ်တမ်းတရား‌‌
တွေ ငါ့အမေ့ကို ပြောနေတာလဲ"

အမက ပြောပြောဆိုဆို သူ့မောင်ဝမ်းကွဲကို ငေါက်
လေသည်။ မောင်ဖြစ်သူက အဟီး ဟု ရီကာ
ဒေါ်ကြီးကို စ နေတာပါ အမရာ ဟုပြောလေသည်။
သီတင်းကျွတ်နားနီးတော့ အမေ့တူများက
သူတို့တတ်နိုင်တာလေးများနဲ့ လာကန်တော့ကြသည်။
ယခု ယမကာသမားကတော့ လက်ဗလာဖြင့်လာကာ
အမေ့ကို စနောက်သွားသည်။ အမေကတော့
သူ့တူများလာသဖြင့် ပြုံးနေသည်။ သီတင်းကျွတ်မို့
အိမ်မှာ လူစည်ကားကားရှိနေသည်ကို အမေ့က
သဘောကျပြီး ပြုံးနေရှာပေသည်။

htwegyi@htwegyi
October 25, 2026

သီတင်းကျွတ် ယမကာ။ | Ecency