ဒီနေ့ မနက် အစောမှာ ကစားသွားသည့် Brentford vs Chelsea ပွဲစဉ်ကတော့ ပြောစရာ အများသား။ မည်သို့ မည်ပုံ ဖြစ်ပျက်သွားသည် မသိဟု ဆိုရမည်ထင်။ အိမ်ရှင် Brentford က Chelsea ကို ၃-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ၃ ဂိုးလုံးကို ဒုတိယပိုင်းမှသာ သွင်းယူခဲ့ခြင်း ဖြစ်၏။ ဒုတိယပိုင်း ၆၁၊ ၈၃၊ ၉၀+၄ မိနစ်တို့မှာ သွင်းယူ သွားခဲ့ခြင်း ဖြစ်၏။ ဘောလုံးကား အလုံးကြီး မလား။ Brentford အိမ်ကွင်းမို့ Chelsea အတွက် မလွယ်ကူတာ သိပေမဲ့ ခုလို ဂိုးပြတ်သွားမယ်လို့ ထင်မှတ် မထားပေ။
တခါတလေ Brentford က ခုလို ထင်မှတ် မထားတာတွေလည်း လုပ်ပြတတ်သေး၏။ Brentford ကို မှတ်မှတ်ထင်ထင် ရှိနေရသည့် အကြောင်းအရင်း ရှိ၏။ အာဏာသိမ်း ကာလမှာ ကျနော်တို့ ပြည်သူတွေဖက်မှာ ရပ်တည်ပေးခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း Brentford Myanmar Bees ဆိုသည့် Page ထွက်ပေါ်လာပြီး မြန်မာနိုင်ငံကနေ Brentford ကို အားပေးသည့် အစုအဖွဲ့လေး ထွက်ပေါ်လာခဲ့၏။
အဆိုပါ Page Admin အဖွဲ့က သဘောကျဖို့ ကောင်း၏။ အဖွဲ့ဟု သုံးလိုက်ပေမဲ့ တယောက်ထဲ ဖြစ်ရင်လည်း ဖြစ်နိုင်၏။ ကျနော် အတိအကျ မသိပေ။ ပိုစ့်တိုင်းမှာ တူညီသော အာဘော်ပါဝင်နေသဖြင့် တယောက်ထဲလည်း ဖြစ်ရင် ဖြစ်နိုင်၏။ Brentford အကြောင်းတင်မယ်၊ အခြားအသင်းတွေအကြောင်း ပြောမယ် ပြီးရင် မြန်မာ့ ဘောလုံး အကြောင်း ပြောမယ် ဒါမျိုးပေါ့။ အပြုသဘောဆောင်သည့် Page တခုဟု ပြောလို့ရ၏။ Posting vibe ကို ဦးစားပေး၏။
တခါတလေ စစ နောက်နောက်နဲ့ သရော်တာမျိုးလည်း ရှိသေး၏။ သရော်တယ် ဆိုတာကလည်း ပြင်သင့်တာကို ဟာသနှောပြီး ထေ့လုံးလေးနဲ့ ပြောဆိုခြင်းမျိုး ဖြစ်၏။ Brentford Myanmar နဲ့ ကျနော်တို့ United fan တွေ ပတ်သက်မှု ရှိ၏။ တခြားမဟုတ် Mbeumo ကြောင့် ဖြစ်၏။ Brentford အသင်းမှာ ၂၀၁၉/၂၀ ကနေ ၂၀၂၄/၂၅ ရာသီ အထိ ကစားခဲ့၏။ ထို့နောက် ၂၀၂၅/၂၆ မှာ United သို့ ပြောင်းရွှေ့ခဲ့၏။ Brentford မှာကော United မှာပါ ခြေစွမ်းပြ၏။
ပွဲ အဖြေကို ပြောင်းလဲစေသည့် ဂိုးဖန်တီးမှုနှင့် သွင်းဂိုးတွေကို သွင်းယူပေးလေ့ ရှိ၏။ Mbeumo ခြေစွမ်းပြသည့် ပွဲဆို Brentford Myanmar က ပိုစ့်တင်ပြီ။ Mbeumo အတွက် Kpay လွှဲပေးလို့ ရပါပြီဆိုပြီး စနောက်လေ့ ရှိ၏။ တလောက YGN United ရဲ့ jersey sponsor Glory sport logo တံဆိပ်တွေ ပွဲကစားနေစဉ်အတွင်း ကွာကျမှုကိုလည်း သူတို့ ပိုစ့်တင်ပြီး စနောက်ထားသေး၏။ ခုလည်း အိမ်ကွင်းမှာ Chelsea ကို ၃ ဂိုးပြတ်နဲ့ နိုင်ထားသည်ဆိုတော့ ဘာတင်ထားသလဲ သွားစပ်စု လိုက်ပါဦးမယ်။
(photos from EPL page)