အိမ်မှာ ဆိုလာပြား အသေးစားလေးများရှိသည်။
ယခုအခါ မိုးရာသီဖြစ်၍ နေရောင်ကသိပ်ပြီမရပေ။
နေရောင်ခြည်မရပါဘူးဆိုမှ မီးက ခုတလော
အတော်ကိုပျက်နေသည်။ မနေ့ကဆိုပါမူ ညနေ
သုံးနာရီကတည်းက ပျက်သွားပြီး ညဆယ်နာရီကျော်မှ
ပြန်လာသည်။ ညနေစာကို ငှက်ပျောသီးစား၍
ဗိုက်မှောက် အိပ်လိုက်ရသည်။ ဆိုလာပြားကို တောင်ဘက်
လှည့်ရမည့်အစား အရှေ့သို့လှည့်ထားသော
ကျွန်တော့်အမပါလေ။ တောင်ဘက်လှည့်ပါမူ
သစ်ပင်များရှိ၍ နေရောင်မရသမို့ အရှေ့ဘက်
လှည့်ရခြင်းဖြစ်သည်။
ညနေသုံးနာရီမှာ ထမင်းပေါင်းအိုးလေးတည်မည်
လုပ်ပြီးခါမှ မီးကပျက်သွားသည်။ နေ့လယ်က
ကိတ်မုန့်နှင့် လက်ဘက်ရည်သောက်ထားသဖြင့်
ဗိုက်က မစာပေ။ ထိုကြောင့် ညနေစာကို ငှက်ပျောသီး
တလုံးဖြင့် ဆိုင်သိမ်းလိုက်ရသည်။ အမနှင့် အိမ်သားများက
ငါးနာရီကျော်မှ ကျွန်တော်ဆေးထားသော
ထမင်းပါင်းအိုးကို ဂက်စ်မီးဖိုဖြင့်ချက်၍ စားကြသည်။
ကျွန်တော်က ဆရာသမား၏အိမ်သို့ ညအိပ်သွားရမည်ဖြစ်၍
ငါးနာရီ မိုးစဲသည့်အချိန်မှာ အိမ်ကထွက်လာခဲ့သည်။
မီးကပျက် မိုးက တဖွဲဖွဲကျနေသည်။
မိုးရိပ် မိုးပေါက်များကြောင့် ညနေ လေးနာရီခွဲမှာပင်
အမှောင်က အစပျိုးနေပေသည်။ တစ်တော့မှာ
မိုးရွာ လေတိုက်မည့်အကြောင်း တင်ထားကြောင်း
အမက ပြောလာသည်။ ယခင်အခါများဆိုပါမူ
အမ က မိုးလေဝသအကြောင်း အမြဲပြောတတ်သည်။
ယခုအခါမှာတော့ မပြောပေ။ မပြောဆို သူမလည်း
မိုးရွာ လေတိုက်ပြီးပါမှ အဆိုပါအကြောင်းအရာကို
သိရှိရသည်ဟု ပြောသည်။ မိုးရွာ လေတိုက်သော
နေ့မှာ ညနေစာ ထမင်းလွတ်သွားသည်။ ဥပုသ်
စောင့်သူများပင် ညနေစာ မစားကြပေ။ ကိုယ်တွေ
တခါတလေ မစားပဲ နေကြည့်ရတာပေါ့။
ထမင်းစားသည်ဆို၍ ဆရာသမားအကြောင်း
ဖောက်သည်ချရပါအုံးမည်။ ကျွန်တော့်ဆရာသမားက
ဇီဇာကြောင်သည်ဟု ပြောဖူးပါသည်။ တလောက
ဆရာသမားက နာမည်ရှိသော လက်ဘက်ရည်ဆိုင်မှာ
ဖက်ထမင်းမှာစားသည်။ ဖက်ထမင်းဆိုသည်က
မိတ်ဆွေတို့သိသည့်အတိုင်း ဖက်ကလေးပေါ်
ထမင်းဟင်းများပုံ၍ လက်ဖြင့်နယ်စားသလို
ဇွန်ဖြင့် စားသည်လည်း ရှိသည်။
ဆရာသမားက စားပွဲထိုးကလေးမလေးကို
ဖက်ထမင်းမှာပုံက။
"ဖက်ထမင်းတပွဲပေး။ ဖက်မခင်းနဲ့ ပန်ကန်ပြားပေါ်
ထည့်ခဲ့"
Credit Image.
ဖက်ထမင်းကို ဖက်မခင်းနဲ့ဟုသေချာမှာသည်။
စားပွဲထိုးကလေးမကလည်း နမူမစိုက်သည်လား၊
ဒီအတိုင်း ဖက်ထမင်းမို့ ဖက်ခင်းကာယူလာခဲ့ လေသလား
မသိပေ။ ဖက်ထမင်းကို ဆရာသမားရှေ့
ချပေးသည့်အခါမှာတော့။
"ဟေ့ ဖက်ထမင်းကို ဖက်မခင်းနဲ့လိုပြောလိုက်တာလေ။
ဖက်နဲ့စားရအောင် ငါက ဖက်ခွက်စားမဟုတ်ဘူး။
ဖက်နဲ့စားတယ်ဆိုတာ လမ်းဘေးကလူတွေစားတာ။
ဘယ်မလဲ ဆိုင်မန်နေဂျာ၊ ဆိုင်ရှင်ခေါ်ပေး"
ထိုသို့ ဆရာသမားက အော်ကြီးဟစ်ကျယ်ပြောလိုက်၍
ဘေးမှ စားနေသူများကလည်း ဝိုင်းပြီးကြည့်နေကြသည်။ ဒီတော့ ဆရာကတော်က သူ့လင်ကြီးကို
ချေ့ာမော့ခေါ်၍ ထမင်းဘိုး ကမန်းကတန်းရှင်းကာ
ဆိုင်အပြင်သို့ ခေါ်ထုတ်လာခဲ့ရသည်။ ဖက်ထမင်းကို
ဖက်မခင်းပဲ စားသော ဆရာသမား၏အဖြစ်ကို
ဆရာကတော်က ပြော၍မဆုံးတော့ပေ။
@htwegyi
September 20, 2026