မနက်က မိုးရိပ်မရှိ နေ့လယ်မှာ မိုးတိမ်များ
ရောက်ရှိလာသည်။ မနက်ခင်းပိုင်းက နေရောင်ရှိ၍
အမေ့ကို ရေချိုးပေးမည်ဟု အငယ်မက ပြောသည်။
အမေ့ကို ရေမချိုးမှီ ကျွန်တော်အရင် ရေချိုးသည်။
ကျွန်တော်ရေချိုးနေစဉ်အတွင်း မိုးတိမ်မဲများက
ရောက်ရှိလာသည်။ အမေကို မိုးရိပ်ရှိ၍ ရေချိုးချင်သေးလားဟု
မေးရာ။ အမေက ချိုးမည်ဟု ပြောသည်။
အမေ့ကို ရေချိုးပေးနေစဉ် အမတို့ သားအမိက
မြို့ထဲသို့ သွားကြသည်။ အမေ့ကို ရေချိုးပေး၍
ပြီးသည့်အထိ မိုးက မရွာသေး။ မိုးရိပ်များကတော့
မဲနေသည်။ အမတို့သွားသော မြို့ထဲအရပ်မှာ
မိုးရိပ်များမတွေ့ရပေ။ ကျွန်တော်တို့ နေရာလေးမှာ
ကွက်ပြီး မိုးတိမ်မဲများကရှိနေသည်။ အမေ့ကို
ရေချိုးပြီးသကာလ အမေ့က ဗိုက်စာသည်ဟု
ပြော၍ အမေ့ကို ထမင်းကျွေးသည်။
အမေ့ကို ထမင်းကျွေးနေစဉ် ကြက်သားအမိတအုပ်က
အမေ့အနား ပကျိပကျိဖြင့် အသံပေးလာသည်။
ဒီတော့ အမေက သူပါးစပ်ထဲမှ ထမင်းလုတ်များကို
ကြက်မသားအမိထံသို့ ပစ်ကျွေးသည်။ အငယ်မက
အမေ အဲ့သလို မကျွေးနဲ့ ကြွက်တွေလာလိမ့်မယ်။
ကြွက်တွေလာရင် မြွေတွေလည်းလိုက်လာလိမ့်မည်ဟု
ပြောသည်။ ပြောလည်း ပြောသည့်ခဏမှာသာ
အမေ့က အေး ဟုပြောသည်။ နောက်တော့
သူ့ထမင်းလုတ်များကို ကြက်သားအမိအား
ကျွေးမြဲဖြစ်ပေသည်။ အမေနှင့် အငယ်မတို့
သည် ထိုကိစ္စဖြင့် မကြာခဏ စကားများနေကြသည်။
အမေ့ကလည်း ကြက်မသားအမိကို ကျွေးချင်
သည်။ အမေနဲ့တော့ ငရဲကြီးပါတယ်ဟု အငယ်မက
ငြီးတွားသည်။
မြို့ထဲသွားသော အမတို့သားအမိပြန်လာသည့်အခါ
အမေ့အတွက် ကျွန်တော်မှာလိုက်သော ပေါင်မုန့်
နှင့် ခေါက်ဆွဲထုပ်ပါလာသည်။ ပေါင်မုန့်က ငါးထောင်ကျပ်
နို့စိမ်ပေါင်မုန့်ဟုပြောသည်။ ခေါက်ဆွဲက ကြက်ဥ
ခေါက်ဆွဲ လေးထောင်ကျပ်ဖြစ်သည်။ ငှက်ပျောသီး
တစ်လုံးက အမေက စားချင်သည်ပြော၍ ဘေးမှာချထားသည်။
အမေက ထမင်းကို ဟုတ်တိပတ်တိ
မစားပေ။ ဆီချက်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲများ
ကိုသာ ခံတွင်းတွေ့သည်ထင် ထိုအရာများကို
အားရ ပါးရစားသည်။
ထမင်းမစားပဲ ငှက်ပျောသီးကိုလည်းစားသည်။
ထိုကြောင့် အမေ့အတွက် ငှက်ပျောသီးနှင့် ခေါက်ဆွဲထုတ်များ
ဝယ်ထားရသည်။ တခါတရံ ဈေးမှ
ဆီချက်နှင့် ရှမ်းခေါက်ဆွဲ အမေ့ကို ဝယ်ကျွေးရသည်။
ကျွန်တော်တို့ ရေချိုး၊ ထမင်းစားပြီးသည့်အချိန်မှာ
ကောင်းကင်မှ မိုးသားမဲမဲများက အသံပေးလာသည်။
တဂျိန်းဂျိန်း တခြိမ်းခြိမ်းဖြင့် မိုးမရွာသေးပဲ အသံပေးနေသည်မှာ နာရီဝက်ခန့်ကြာသည်။ မိုးခြိမ်းသံများကြောင့် ဘေး မူကြိုကျောင်းမှ ကလေးများက မိုးခြိမ်းသံကြားရတိုင်း အော်ဟစ်နေကြသည်။
မိုးခြိမ်းသံနှင့် ကလေးများအော်သံတို့ဖြင့် ပတ်ဝန်းကျင်မှာ
ဆူညံနေသည်။ ခဏအကြာမှာတော့ မိုးပေါက်များ
ကျလာလေသည်။ မိုးကျလာတော့ ကြက်မသားအမိက
တာယာပွကြီး ကုတင်အောက်မှာ မိုးခိုကြသည်။
ကြက်မသားအမိထက်ဦးစွာ ကြက်ဖကြီးက
နေရာယူထားသည်။ ထိုကြောင့် ကြက်သားအမိခမျ
ကုတင် အစွန်းမှာသာ မိုးခိုကြရသည်။။ ခဏအကြာမှာ
ကြက်ဖကြီးက အပေါ်ဝါးလုံးတန်းသို့ တက်လာသည်။
ကြက်မသားအမိကတော့ အစွန်မှာပင် ဝပ်နေကြသေးသည်။
အမေနှင့် အငယ်မက ကြက်သားအမိအတွက်
စိုးရိမ်းနေကြပြန်သည်။ တာယာပွကြီးကတော့
သူ့ကုတင်ညောင်စောင်းမှာ ထမင်းလုံး စီနေပေတော့သည်။
@htwegyi
October 15, 2026