လေရူးလေး အဝှေ့ ရွက်ဝါတွေရယ် တဖြုတ်ဖြုတ်
ကြွေကျလို့ လာပေသည်။ ဆောင်းနှောင်းဟု
ဆိုရပေမည်။ တပို့တွဲလဆန်းတစ်ရက် ရောက်ခဲ့ပေသည်။
တပို့တွဲ လဆန်းမှာပင် လေရူးလေးများက
အကဲစမ်းသလို တခါတရံ ရောက်ရှိလာတတ်သည်။
သူလာသည့်အခါ ကြွေဖို့ စောင့်နေသော ရော်ဝါရွက်
တို့က အဆင်သင့်သည်နှယ်။ သူအလာ ကိုယ်ကြွေ
ပါ့မယ် ဆိုသကဲ့သို့။ လေရူးကလေးနဲ့အတူ
မြူးထူးစွာ ကနွဲ့ကလျ မြေပြင်သို့ ဆင်းသက်ကြသည်။
အထူးသဖြင့် အိမ်ရှေ့မှာပေါက်သော ဗာဒံနှင့်
ပိတောက်ရွက်တို့က အပြိုင်အဆိုင် ကြွေဖို့ စောင့်
နေကြသည်။ တနေ့က အိမ်သို့
အလည်လာသည်။ အိမ်သို့ရောက်သည့်အခါ
သူမ၏ မြေးများအကြောင်း ပြောပါလေသည်။
သူမက ပြောအားရှိပေမည်။ ကိုယ်တွေက မြေး
ယခုထိမရှိသေးပေ။ မြေးခြောက်ယောက်ခွဲ၏
အဖွားသည်က သူမြေးများအကြောင်း ပြောလို့
မပြီဆုံးနိုင်ပေ။
မြေးခြောက်ယောက်ခွဲ ဆိုသည်မှာ သူမ၏
တူမတဦးသည်က ကိုယ်ဝန်လွယ်ထားရသည်။
ထိုကိုယ်ဝန်သည်ကလည်း အမွှာဟု ဆိုသည်။
ဒီတော့ ထိုဗိုက်ပေါက်ဖွားလာပါမူ မြေးရှစ်ဦး၏
အဖွားဖြစ်ကာ ပရိုမိုရှင်းတက်ပေအုံးမည်။
အားကျဖွယ်ပါတကား။ ယခု သူမနှင့်နေသော
မြေးများက ယောင်္ကျားလေးတဦးဖြစ်သည်။
ထိုကလေးက သုံးနှစ်အရွယ်ဖြစ်သည်။
သုံးနှစ်ရောက်ပေသိ စကားကောင်းစွာ မပြော
တတ်သေး။ လက်ညိုးထိုးကာ ခိုင်းစရာ၊ ရစရာ
များကို ပြသတတ်သည်။
ထိုမြေးများအနက် သူမ၏ အသည်းကျော်က
ညီဘုန်းဖြစ်ပေသည်။ ညီဘုန်းဆိုသည့်ကောင်ကလည်း
သူမ၏ သင်ကြားပြသမှုအောက်မှာ တသွေးမသိမ်း
လိုက်ပါနိုင်သည်။ ထိုကြောင့် သူမက ထိုသကောင့်
သားကို အချစ်ပိုရသည်။ ယခုသူမက မြို့ထဲမှာရှိသော
မြေးများထံရောက်နေသည်။ ထိုမြေးများက
ညီဘုန်း ထက်စာပါရင် အနေအေးသူများဖြစ်သည်။
သူရို့အမေ ၏တူမစကားကို
နားထောင်ကြသည်။
ရောက်ရှိချိန်မှာတော့ ကလေးများ
နဲ့ ပြောဆိုစကားပြောကြသည်။ ကလေးများကို
ဉာဏ်စမ်းပဟေဠိများပြောသဖြင့် အချိန်တိုအတွင်း
မြေးအဖွားများ ရင်းနှီးကျွမ်းဝင်သွားသည်။
ကလေးများက အကျင့်ကောင်းလေးများရှိသည်။
သူ့အမေက သားနဲ့သမီး ဖုန်းကြည့်တဲ့အခါ
နာရီဝက်ကြည့်ပြီးရင် ကျောင်းက အိမ်စာတွေ၊
စာတွေလုပ်ရမယ်ဟုပြောထားသည်။ တနေ့
သူ့ရို့အမေ မရှိသည့်အခိုက် ကလေး
နှစ်ဦးက ဖုန်းကို နာရီဝက်ကြည့်ပြီး။ အကို
ဖြစ်သူက လာညီမလေး ဖုန်းကြည့်တာ
နာရီဝက်ရှိပြီ အိမ်စာတွေလုပ်ရအောင်ဟုပြောသည်။
ထိုအခါ ဘွားအေဖြစ်သူ က
ဟဲ့နင့်တို့အမေ မရှိဘူး ဖုန်းကြည့်ချင်ရင် ဆက်ပြီး
ကြည့်ကြဟုပြောသည်။ ဓားဖျက်တာ ဝါးမြတ်။
မြေးဖျက်တာ ဟုသာ ပြောရ
ပေတော့မည်။