ရင်ခုန်လှုပ်ရှား ဂုတ်ထိပ်တံတား

Words
333
Reading
2 min
Listen
Play
8y

ရှမ်းပြည်မြောက်ပိုင်းရှိ ဂုတ်ထိပ်တံတားအကြောင်း
ကို steemit စရေးစဉ်က ရေးသားခဲ့ပြီးဖြစ်သည်။
ရေးသားခဲ့စဉ်က လမ်းခရီးသွားသည့်အကြောင်း
အရာများရေးသားခဲ့ပါသည်။ ယခုအခါရေးသားရာ
တွင် ဂုတ်ထိပ်တံတားကြီးအပေါ်ဖြတ်သန်းခဲ့သည့်
အကြောင်းအရာလေးကို ထပ်မံရေးသားတင်ပြချင်
ပါသည်။

လားရှိုးရထားမှ ဘော်ကြိုဘူတာတွင်ဆင်းခဲ့ကြ
ပါသည်။ ဘော်ကြိုဘူတာမှ တဆင့်  သံလမ်းပြေးယာဉ် RGC ဖြင့်
ဘော်ကြိုဘုရားသို့  သွားရောက်ဖူးကြသည်။
ဘော်ကြို ဘူတာတွင် RGC ကအသင့်စောင့် နေပါသည်။ RGC ဖြင့်သွားမည်ဆိုတော့
ဘော်ကြိုဘုရားကအတော်ဝေးမည်ထင်မိသည်။
ဘော်ကြို ဘူတာမှ လမ်းလျှောက်သွားပါက
မန္တလေးခေါ် ၃ ပြ ၄ပြ ခရီးအကွာသာရှိသည်။

received_991073721049971.jpeg

Photoid1455327772166.png

Photoid1443319341674-01.jpeg

ဘော်ကြို ဘုရားဖူးပြီး ၃ နာရီ ကျော်ခန့် တွင်
ကျောက်မဲဘူတာသို့  RGC ဖြင့် ပြန်ခဲ့ကြသည်။
RGC ပေါ်မှ ရထာလမ်းဘေး တဖက်တချက်
တောင်ပေါ်ရှုခင်းများကို ငေးမောရင်းလိုက်ပါ
ခဲ့သည်။ နေကြာခင်းများ၊ မုန့် ညင်းခင်းများ၊
ထင်းရှုးပင်များနှင့် မျက်စိအေးသည့် စိမ်းစို စိုက်ခင်းများဖြင့် ရှမ်းပြည်တောင်ပေါ်
အလှအပမြင်ကွင်းများက ကြည့်မဝအောင်
ဖမ်းစားထားသည်။ တောင်ယာမီးခိုးများ၊
တောင်တန်းအနိမ့်အမြင့်များနှင့် နေဝင်ချိန်
နေလုံးကြီးက ရှမ်းတောင်တန်းများထိပ်ကို မထိတထိ ကြည်စားသလို ရောင်နီများဖြင့် ပက်ဖျန်းထားသည်။

ငှက်ကျေးတို့ က အိမ်တန်းဝင်ရန် အုပ်စုလိုက်
ခေါင်းပေါ်မှဖြတ်သန်းသွားသည်ကို ကြည့်ရ
သည်မှာ လွမ်းသလိုလို ကြည်နူးသလိုလို
ခံစားရပြန်ပါသည်။ မြို့ပြမှာနေခဲ့သည်မို့ 
ရှမ်းပြည်ရှုခင်းအလှများက မျက်စိကို
မှိတ်မပြစ်ရက်အောင်စွဲဆောင်ထားသည်။
အော်လှပလိုက်တဲ့ တို့ မြန်မာပြည်ကြီးပါလား။
နေမင်း၏ပုဇွန်ဆီရောင်များက တောင်တန်းများနှင့်
အပြိုင်၊ စိမ်းလန်းသောတောတောင်များက
အောက်ခံအနားသတ်ထားကာ ကြည့်မဝ ရှုမဝ
လှပသည့် အမိမြန်မာပြည်ရဲ့ အလှများပါပေ့။

ရှုခင်းများကိုငေးမောရင်း ညနေ နေမဝင်မှီ အလင်းအားပျော့ချိန်တွင် ကျောက်မဲသို့ ရောက်ရှိခဲ့သည်။ ကျောက်မဲတွင် ခဏနားကာ
ဂုတ်ထိပ်သို့  RGC ဖြင့် ဆက်လက်ခရီး ဆက်ခဲ့သည်။ ကျောက်မဲကို အတန်ကျော်လာ
ပြီး နေလုံးကြီးက ပျောက်ကွယ်ခဲ့သည်။
ကျောက်မဲအကျဉ်းသားရုပ်ရှင် ဇာတ်ကားမှာ
ရိုက်ကူးထားသည့် ဝင်းဦးတံတားကိုလည်း
ဖြတ်သန်းခဲ့ရသည်။ အမှောင်သန်းလာသည့်အခါ RGC မှ မီးရောင်ဖြင့် ညအမှောင် ခရီးကို ဆက်ခဲ့ပြန်ပါသည်။ RGC မောင်းသမားမှ နောင်ပိန်သည် အညိုရောင်နယ်မြေဖြစ်ကြောင်း ပြောသည်။ သူတို့ ရထားဝန်ထမ်းအမည်များကို လက်နက်ကိုင်များ အား စာရင်းပေးထား ရကြောင်းလဲပြောသည်။

Photoid1443318272689-01.jpeg

ယာဉ်မောင်းသမားပြောပြချက်အရ ရင်တော့ တုန်မိသည်။ ညနေက ရှုခင်းအလှများငေးမော ကြည့်ခဲ့ရသလောက် ညအချိန်မှာတော့ ဘေးတဖက်တချက်စီတွင် မည်းမှောင်နေပါ တော့သည်။ ရထားလမ်းရှေ့ တူရူတွင်
RGC မီးရောင်အလင်းကိုသာ အားစိုက်ကြည့်မိ ပါသည်။ တောတောင်မှောင်မဲကြီးတွင်
RGC စက်များချို့ ယွင်းသွားရင်ဖြင့် အတွေး
ကြောင့် ဘုရားစာကို စိတ်မှာရွတ်ဖတ်မိပါသည်။
ရထားသံလမ်း နှစ်ချောင်းကို အားစိုက်ကြည့်ရင်း
တခါတရံ ရှေ့ မှာ လူဖြတ်သန်းသွားသလို
မြင်မိသည်။ စိတ်မှာမြင်သလား တကယ်ဖြတ်
သွားသလားမဝေခွဲနိုင်ဖြစ်ရသည်။ လိုက်ပါသူများ ကလည်း တိတ်ဆိတ်လှပါသည်။ ကျွန်တော်တို့ 
အဖွဲ့ မှာ စုစုပေါင်း ယာဉ်မောင်းသမားအပါအဝင်
၆ ဦးဖြစ်သည်။

DSC02129.JPG

လူဦးရေကနည်း အမျိုးသမီးအင်အားကသာ များသမို့ ညအမှောင်မှာ စိတ်အားငယ်မိပေါ့။ လက်နက်ကိုင်အဖွဲ့ တွေများတွေ့ လေမလား၊ စက်များချို့ ယွင်းလေမလားအတွေးများနေစဉ်
ရှေ့ ဝေးဝေးမှ တစ်ဒါဇင်ခန့် မျှလူတစ်စုက
RGC ကို လက်ပြတားနေကြောင်း မီးရောင်ဖြင့် မြင်ရလေသည်။

”ဘုရားရေ လူတွေကများ
ဘာတွေလဲဟ၊ စိတ်ထဲ ဒိတ်ကနဲ့ ပေါဗျာ
လား လား လူကလည်းမနည်းဘူးဗျ
လက်နက်ကိုင်အဖွဲ့ များလား
ဘာလား”

တဖြေးဖြေး လူစုနှင့်နီးလာလေ
ရင်ခုန်သံမြန်လေပေါ့ ဗျာ

မျက်လုံးလည်း ပြာနေပြီ
RGC ကလည်းတဖြေးဖြေးအရှိန်လျှော့
ရပ်တော့မှ သေချာကြည့်မိသည်။
လမ်းဗိုလ်လေးနှင့် သံလမ်းအလုပ်သမားများ
ဖြစ်နေပါသည်။ ပေါက်တူး၊ ပေါက်ချွန်းများဖြင့်
တက်လာသည်။ လမ်းဗိုလ်လေးမှ ပြောပြသည်
RGC လာမည်ဆို၍ ဂုတ်ထိပ်ပြန်ရန် စောင့်နေ
ကြခြင်းဖြစ်ကြောင်းပြောလေသည်။
အမယ်မင်း ခုမှ အလုံးကြီးကျပါပေါ့
လူအင်အားများလာသည့်အခါ
RGC စီးရသည့် ညအချိန်ရဲ့ အရသာကို
စိတ်မှာ ပြန်လည်ခံစားမိလာပြန်ပါသည်။

ဂုတ်ထိပ် မရောက်မှီ တောင်ကြားများ၊ လိုဏ်ဂူများကို ဖြတ်သန်းရသည်မှာ
စိတ်လှုပ်ရှားစရာ၊ ပျော်စရာကောင်းလာ ပြန်ပါသည်။ ဂုတ်ထိပ်တံတားမရောက်မှီ
လိုဏ်ဂူ နှစ်ခုကို ဖြတ်သန်းရသည်။
ရောက်ပါပြီ ဂုတ်ထိပ်တံတားကြီး
ညအချိန် မီးမှိန်မှိန်လေးများထွန်းညှိထား
သည့် ကမ္ဘာကျော်တံတားကြီးဂုတ်ထိပ်ကို
RGC မီးရောင်နှင့် ကြည့်ရသည်မှာ
ညအမှောင် လေဟာနယ်တစ်ခုကို
ဖြတ်သန်းနေရသလို၊ ပိုးစုန်းကြူး တွေကြားမှာ
ပြေးလွှားနေရသလို ဘယ်လိုပြောရမလဲ
ရင်ခုန်စိတ်လှုပ်ရှားစရာလဲကောင်းတယ်
လေတိုးတိုက်ခတ်သံ တဝှီးဝှီးနဲ့  ဂုတ်ထိပ်
တံတားပေါ်ညအချိန် ဖြတ်သန်းမှုကဖြင့် မေ့မရတဲ့
အမှတ်တရတစ်ခုပေါ့ဗျာ။

DSC02181.JPG

DSC02175.JPG

ဂုတ်ထိပ်ဘူတာမှာ RGC ရပ်ပြီး ဘူတာကုန်းပေါ်
မှာရှိသည့် ဘုန်းကြီးကျောင်းသို့  ည ၉ နာရီကျော် အချိန်တွင်ရောက်ရှိပြီးအိပ်ကြသည်။ မနက် အိပ်ယာမှနိုး မနက်စာ စားပြီး ၈နာရီ အချိန်တွင်လည်း ဂုတ်ထိပ်တံတား ပေါ်သို့ 
အသွားအပြန် ထပ်မံလမ်းလျှောက်ခဲ့ကြပါသည်။
မနက်အချိန် လေတဖြူးဖြူးဖြင့် ဂုတ်ထိပ်တံတား
ကြီးပေါ်လမ်းလျှောက်ရတာလဲ ကြည်နူးစရာ
ပျော်ရွှင်စရာကောင်းလှပါ ကြောင်းတင်ပြ
ရေးသားလိုက်ရပါသည်။

Author htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

ရင်ခုန်လှုပ်ရှား ဂုတ်ထိပ်တံတား | Ecency