EPL ပွဲစဉ်တွေ ပြန်လည်လို့ ရောက်ရှိလာခဲ့ပြီ။ ဒီတပတ်မှာတော့ Round 7 ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ဒီနေ့မှာ ၅ ပွဲ၊ နက်ဖြန် တနင်္ဂနွေနေ့မှာ ၄ ပွဲ၊ အင်္ဂါနေ့မှာ ၁ ပွဲ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်၏။ Man United ပွဲစဉ်ကတော့ နက်ဖြန်မှ ဖြစ်၏။ ဒီနေ့ ညနေ ၆ နာရီမှာ အဖွင့်ပွဲစဉ် အဖြစ် Everton vs Chelsea တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ဒီနှစ်သင်းက အမှတ်တူ ဂိုးကွာခြားချက်အရ အထက်အောက် ရပ်တည်နေ၏။ Everton က အဆင့် ၅၊ Chelsea က အဆင့် ၆ ဖြစ်၏။ ပွဲကောင်း တပွဲ ဖြစ်ပေလိမ့်ဦးမည်။
ည ၈ နာရီခွဲမှာ ၃ ပွဲ ကစားမည် ဖြစ်၏။ Brentford vs Liverpool, Fulham vs Hull City, Man City vs Ipswich တို့ ဖြစ်၏။ Brentford က အဆင့် ၄၊ Liverpool က အဆင့် ၉ အဆင့် ကွာနေသည် ဆိုပေမဲ့ အမှတ်က တမှတ်သာ ကွာ၏။ အနိုင်ရသည့် အသင်း အနေဖြင့် အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်လှမ်း နိုင်မည် ဖြစ်၏။ Fulham vs Hull City ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပင်။
ပွဲစဉ် ၆ ပြီးသည်အထိ နိုင်ပွဲ မရသေးသည့် Fulham အနေဖြင့် အိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲ ရယူနိုင်ဖို့ လိုအပ်နေပြီ ဖြစ်၏။ တန်းတက် အသင်းတွေထဲမှာ Hull City က အတော်လေး ခြေစွာနေသည်ဟု ဆိုရမည် ဖြစ်၏။ လက်ရှိမှာလည်း ရမှတ် ၉ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေ၏။ Fulham ကတော့ ရမှတ် ၂ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေ၏။
UCL မှာ ရှုံးပွဲကြုံခဲ့ရသည့် City အနေနဲ့ Ipswich နဲ့ ပွဲစဉ်မှာ ပေါက်ကွဲသွားဖို့ ရှိနေ၏။ ရာနှုန်းပြည့် နိုင်ပွဲ စံချိန်ဆက်ဖို့ သူတို့ ယခုပွဲစဉ်ကို အနိုင်ကစားပေလိမ့်မည်။ လက်ရှိမှာ Brighton ပြီးရင် သွင်းဂိုး အများဆုံး အသင်းက City ဖြစ်၏။ ၁ ပွဲ ပျမ်းမျှ ၂.၇ ဂိုးထိ ရယူထားနိုင်သည်ဟု ဆိုရပေလိမ့်မည်။ ဂိုးသွင်းစက် Haaland အနေဖြင့် ၆ ဂိုးသွင်းထားပြီး ဂိုးသွင်းအများဆုံး စာရင်းမှာ ထပ်ဆုံးကနေ ဦးဆောင်ထား၏။
ည ၁၁ နာရီမှာတော့ စနေနေ့၏ နောက်ဆုံးပွဲစဉ် အဖြစ် New Castle vs Aston Villa တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ New Castle က ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၁၊ Aston Villa က ၅ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေ၏။ ကြားရက် UCL ပွဲစဉ်မှာ Fenerbache ကို ၆-၀ နဲ့ အနိုင်ရထားတဲ့ Aston Villa တို့ စိတ်ဓါတ်ပိုင်းမှာ အတော်လေး တက်ကြွနေမည် ဖြစ်၏။ အမှတ်ပေးဇယား ထိပ်ပိုင်းနား တက်လှမ်း လာနိုင်ဖို့ ဒီပွဲကို သူတို့ အနိုင်ကစားကြပေလိမ့်မည်။
(photos from Premier League page)