ငလျင်နှင့် တိုက်များ။

Words
144
Reading
1 min
Listen
Play
1h

ညက တစ်နာရီကျော်မှာ သိမ့်ကနဲ့ ဖြစ်သွားကာ လန့်နိုး
လာသည်။ ငလျင်လှုပ်သွားခြင်းဖြစ်ပေသည်။
အနည်းငယ်ပြင်းသည်ဟု ပြောကြသည်။
မည်မျှပြင်းသည်ကို မသိပါ လှုပ်ကနဲ့ ဖြစ်သွား၍
လူကနိုးလာခြင်းဖြစ်သည်။ ငလျင်လှုပ်အပြီးနဲ့
လူကနိုးလာတော့ မည်ရွေ့မည်မျှလှုပ်သည်ကို
မသိပေ။

ကိုယ်တွေက ကိုယ့်အိမ်မှာ အိပ်တာမဟုတ်တော့
နိုးတဝက်အိပ်မက်တွေနဲ့ နှစ်ပါးသွားနေတာကြာ
ပြီဖြစ်သည်။ ညက ငလျင်လှုပ်တော့ လူက လန့်နိုး
လာသလိုဖြစ်သည်။ ဆရာသမား၏ အိမ်က
တစ်ထပ်အိမ်ဖြစ်သည်။ ဘေးတဖက်တချက်က
တိုက်များဖြစ်ကြသည်။ ဘေးတိုက်အိမ်များက
နှစ်ထပ်တိုက်များဖြစ်သည်။ ထိုဘေးအိမ်များက
စစ်ကိုင်းငလျင်ထိထားကြသဖြင့် တိုက်များ၏
အလယ်ကြောများမှာ အက်ကြောင်းများဖြစ်ပေါ်နေသည်။
ထိုအက်ကြောင်းများကို အင်းဂတေဖြင့်
ပြန်လည်း မွမ်းမံထားသည်။

အထူးသဖြင့် မန္တလေးမြို့၏ တိုက်အမြင့် အဆောက်အဦ
များအားလုံး ငလျင်ဒဏ်ထိကာ အနည်း၊ အများ
ထိခိုက်ခံထားကြရသည်။ ငလျင်ကလည်း ယခုကာလအထိ
မပြီးဆုံးနိုင်သေးပေ။ တအိအိနဲ့ လှုပ်သည်။
မေ့သည့်အချိန်မှာ ထ ပြီးလှုပ်သည်။ လူတွေ
သွေးပျက်အောင် လုပ်နေသလို။ တိုက်နဲ့ နေထိုင်သူ
များအတွက် စိုးရိမ်ဖွယ်ရာဖြစ်စေသည်။ မြို့ထဲ
တိုက်ဖြင့် နေသော ကျွန်တော့်ဒေါ်ကြီးသည်
မြို့သစ်သို့လာကာ တစ်ထပ်အိမ်မှာ လာရောက်
နေထိုင်သည်။

ဒေါ်ကြီးပြောသည်က ငလျင်ကြီးလှုပ်ပြီးသည့်
နောက်ပိုင်း တိုက်ပေါ်မှာ နေရတာ နေ၍မကောင်း
ကြောင်း၊ ညဘက်တွေမှာ အိပ်မပျော်ကြောင်း
ပြောသည်။ မြို့ထဲမှ မြို့သစ်အိမ်သို့ ပြောင်းလာ
သည့်အခါမှ နေထိုင်ကောင်း အိပ်ပျော်လာသည်ဟု
ပြောသည်။ ယခုအချိန်ထိ ဒေါ်ကြီးက မြို့သစ်
အိမ်ကလေးမှာသာနေတော့သည်။ မြို့ထဲမှာ နေသူ
သားဖြစ်သူက ဒေါ်ကြီးစားသောက်ဖို့ လာပို့ပေးသည်။

တိုက်ကြီးနဲ့နေရတာ ဟန်တော့ကျပါရဲ့ ဒီလို
ငလျင်လှုပ်တော့လည်း ကြောက်လိုက်ရတာအေ။
ဟု ဒေါ်ကြီးကပြောသည်။ ငလျင်မည်မျှ လှုပ်သည်
ပြောပြော လူတို့သည်က တိုက်နဲ့ တာနဲ့နေချင်သူက
အများသာပေ။ ယခုအခါ ကျွန်တော့် ပတ်ဝန်းကျင်မှာ
ဆောက်လိုက်ကြသည့် အထပ်မြင့် တိုက်များက
အပြိုင်အဆိုင်ပင် ဆောက်နေသလား အောင်းမေ့ရသည်။
ဈေးသွားရာ လမ်းတလျှောက်မှာလည်း
အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နေကြ
သည်။ မြေဈေး၊ အိမ်ခြံမြေ ဈေးများကလည်း
ကိုယ်တွေအတွက် အိပ်မက်ပင် မက်ခွင့်မရှိနိုင်သော
ဈေးများသို့ ရောက်ရှိနေပေတော့သည်။

htwegyi@htwegyi
October 13, 2026

ငလျင်နှင့် တိုက်များ။ | Ecency