အပျင်းပြေ နောက်ကြောတက်။

Words
179
Reading
1 min
Listen
Play
2h

ညီမဖြစ်သူသည် ဈေးမှ အပ်နှင့် အပ်ချည် ဝယ်လာပြီ
တဗြစ်တောက်‌တောက်ပြောဆိုနေသည်။ အပ်ဗူးမှာပါသော
အပ်များမှာ အပ်အကြီးတချောင်းသာပါလာသည်။
ကျန် အပ်များက အရွယ်အစားသေးငယ်ပြီး ညီတူ
များဖြစ်နေသည်။ ဒီတော့ အသက်အရွယ်ရလာသော
ညီမ၏ မျက်စိများက အမြင်အာရုံမကောင်းတော့ပေ။
အမြင်အာရုံနည်းသမို့ အပ်ပေါက်ကို အပ်ချည်ထိုး
သည့်အခါမှာ အပ်ကြီး အပ်ပေါက်ကြီးမှ အဆင်ပြေသည်။
ဝယ်လာသော အပ်ဗူးမှ အပ်အသေးလေးများသာ အများကြီးပါသမို့ ပြောဆိုနေခြင်းဖြစ်သည်။

"တကတည်း အပ်ရောင်းသူတွေများ ကပ်စေးနည်း
ပါဘိ။ တကယ်ဆို အပ်အကြီး အပ်အသေး မျှမျှတတ
ထည့်ပေးမှာပေါ့။ ခုတော့ ကြည့်အုံး အပ်အကြီး
တချောင်းသာပါပြီး အပ်အသေးလေးတွေချည်
ထည့်ထားတာ"

ကျုပ်က မနေနိုင်တော့ အငယ်မကို ပြောမိသည်။

"ညည်းနဲ့အေး ညည်းကသာ မျက်စိမှုန်လို့ အပ်
အကြီးအသေး ချေးများနေတာ။ မျက်စိကောင်းသူ
တွေအတွက် အပ်အသေးက အသုံးဝင်တာများ
သမို့ဖြစ်မှာပေါ့"

ကျုပ်ပြောလိုက်သည့်အခါ သူ၏ လုပ်လက်စ
အလုပ်ကို ဆက်လက်လုပ်နေသည်။ အငယ်မက
အိမ်မှာနေရင်းပျင်းသမို့ ဘေးခြံမှာရှိသော အပင်မှ
အသီးများကို ကောက်ပြီး ဆွဲကြိုးများပြုလုပ်နေသည်။
သူမမို့ နောက်ကြောမတက်သည်။ သူမကိုကြည့်၍
ကိုယ်တွေမှာ နောက်ကြောတက်မိသည်။ သူမ
လုပ်သည်ကလည်း ကြည့်အုံး ရွေးကြီးအစေ့ဆိုလား၊
ဘာစေ့လားမသိပေ။ ထိုအသီးများက တရုတ်မန်းကျီး
သီးပုံစံနှင့်တူသည်။

ထိုကွေ့ကွေ့ကောက်ကောက်အသီးများက ရင့်
လာပါလျှင် အစေ့လေးများက ဖောင်းကြွလာသည်။
ထိုထက်ပို၍ ရင့်လာပါလျှင် အသီးမှာ အနည်းငယ်
အညိုရောင်ဘက်ရောက်သွားသည်။ အညိုရောင်
ဘက်ရောက်ချိန်မှာ အသီးကိုခူး၍ အစေ့များကို
ထုတ်ကာ အပ်နှင့် ထိုးဖောက်ပြီး ဆွဲကြိုး၊ လက်ကောက်
များပြုလုပ်သည်။ ထိုအသီးက ရင့်မှည့်ပြီး ခြောက်
သွားပါမူ အတွင်းမှ အစေ့လေးများက ရဲရဲနီကာ
မာကြောနေတတ်သည်။

ထိုကြောင့် အတွင်းအစေ့လေးများ မမာခင်၊ အပ်ဖြင့်
ထိုး၍ ရသည့်အချိန် အညိုအရောင်အဆင့်မှာ ခူး၍
ပြုလုပ်သည်။ သူမမို့ စိတ်ရှည် လက်ရှည်ပြုလုပ်
ပေသည်။ ထိုဆွဲကြိုများကို ပြုလုပ်ပြီး ဒီအတိုင်း
ချိတ်ထားသည်။ အစေ့များက မရင့်မီ၊ မခြောက်မီ
ခူးထားသဖြင့် အရောင်မျိုးစုံဖြစ်နေသည်။ အဝါ
ခြောက်၊ အဝါမှ အညိုရောင်၊ အညိုရောင်မှ
အနီရောင် စသဖြင့် အရောင်မျိုးစုံဖြစ်နေသည်။
သူ့ မူလ ခြောက်သွေ့သွားသော အစေ့အရောင်က
အင်မတန်လှသည်။ နီနီရဲ တောက်ပနေသည်။
ထိုအရောင်ကိုတော့ မတူပေ။

ထိုရွေးစေ့ပင်ကို ကျွန်တော်တို့ ပြောင်းလာကာစ
နံ့သာဖြူပင်ဟု ထင်မိသည်။ တန်ဘိုးရှိမည်ဟု
မှတ်ယူထားကြသည်။ နောက်မကြာခင်မှ ထိုအပင်မှ
ထိုအနီရောင်အသီးလေးများ သီးလာသည်ကို
တွေ့ရသည်။ နံ့သာဖြူပင်မဟုတ်ပေ။ ရွေးနီပင်ဟုသာ
အလွယ်တကူ ခေါ်ဆိုလိုက်ကြတော့သည်။
အခုတော့ ထိုရွေးနီက အငယ်မအတွက် အပျင်းပြေ
ကစားစရာ အပင်ဖြစ်နေပေတော့သည်။

htwegyi@htwegyi
October 6, 2026

အပျင်းပြေ နောက်ကြောတက်။ | Ecency