အန်တီညို ရေ

Words
154
Reading
1 min
Listen
Play
6h

အဲ့ဒီ အန်တီညိုကြီးက ဘယ်တော့လာမလဲ မသိဘူး
ဒီမှာ သူမလာခင် ယောက်ယပ်ခတ်နေတာ။
ကျုပ်တို့နိုင်ငံကို အဓိက မဟုတ်ပေသိ နည်းနည်းတော့
အနည်းနဲ့အများ ထိခိုက်မတဲ့။ လူတွေ သေမတဲ့။
အန်တီညို မလာခင်ကတည်းက မီးတွေကပျက်နေတာ။
သူ လာများလာရင် ခက်ရချည်းရဲ့။

ကျုပ်တို့အတွက် အဲယားကွန်တွေ လေပန်းကာတွေ
မလိုပါဘူး။ အဓိက လိုတာက ရေ။ ဟုတ်တယ်
ရေမရှိရင် ဘာမှ မဘာနိုင်တော့ဘူး။ သောက်ရေ
သုံးရေက အဓိက အရေးကြီးဆုံးဆိုတာ အာလုံး
သိကြပါတယ်။ ကျုပ်ပုံကြီးချဲ့ မပြောလိုဘူး။
အဲ့ဒီ အန်တီညို ကြီး ကျုပ်တို့ဆီ မလာခင်ကတည်းက
ဒုက္ခရောက်နေတာကြာလှပေါ့။ သိတယ်မို့လား
အညာနွေ ပူလွန်တယ် ၊ အညာနွေ ရှည်လွန်တယ်
အချိန်ကုန်စေမဲ့ မင်းမရှိပြီလေ။
ရင်ခုန်စေမယ့် မင်းမရှိပြီလေ တဲ့။
အဲ့ သီချင်းစာသားလို။ ဟုတ်တယ် ကျုပ်တို့
ရင်ကို ဆွဲကိုင် လှုပ်ခတ်စေမဲ့ သူကြီး
ဘယ်လိုများ နေရရှာပါ့။ ကိုယ့်အပူထက်
သူမ အပူကို ပိုပူမိနေပါတယ်လေ။

အန်တီညိုက မည်သို့ မည်ပုံ၊ ဘယ်သို့ ဘယ်ပုံ
ဒုက္ခများစေမည် မသိရပါသေးသော်လည်း။
ကျုပ်တို့ အညာတခွင်ကတော့ ပြာပုံကြားက
အဲ့ အန်တီညို ကို ထူးပြီး ရင်မခုန်တော့ပါဘူး။
မသကာ အညာရဲ့ နွေထနောင်းနဲ့ တမာတွေကတော့
အန်တီညိုနဲ့ တွေ့ကြအုံးမယ်ထင်ပ။ တပူပေါ်
တပူဆင့်လာမည့် အန်တီညို အတွက် ပြင်ကြ
ဆင်ကြတာက မြို့ပေါ်လူတွေအတွက်တော့
ဟုတ်ပေမည်။

အညာသူ၊ အညာသား ဒုက္ခလူသားများအတွက်
ကမ္ဘာကြီးရဲ့ လက်ဆောင်က ရက်စက်မှုအပေါင်း
သရဖူဆောင်စေခဲ့သည်။ ကျုပ်တို့ အညာမှ
မဟုတ်ရပါဘူးလေ။ တိုင်းရင်သားညီအကို
မောင်နှမ တောင်ပေါ်မြေပြန်သားတွေအတွက်
ဒုက္ခက ပျားရည်လိုချိုတယ်။ ကိုညီထွဋ်ရဲ့
သီချင်းကိုသာ ငိုချင်းလို အော်အော်ပြီး သံပြိုင်
ဆိုလိုက်ချင်ပါရဲ့။

နွေခေါင်ခေါင် မိုးကြိုးပစ်ချသလို ခံရတာက
အကြိမ်ကြိမ်။ အိုးအိမ် စွန့်ခွါပြေးကြသူတွေ၊
အိုးအိမ်မရှိကြသူတွေ၊ မပြည့်စုံတဲ့ မိသားစုတွေ၊
မစုံဆည်းနိုင်သော မိသားစုတွေ၊ မိသားစု
စုံစုံလင်လင် မရှိကြတော့သူတွေအတွက်
ထပ်ပြီး ရက်စက်မည့် အန်တီညို ရေ။
ဘယ်ပုံ ဘယ်နည်း ဘယ်လိုအချိုး၊ ဘယ်လိုမျိုး
နဲ့များ လာခဲ့မှာလဲလေ။ ဒုက္ခအရည်တွေ
အမြန်ဆုံး ကုန်စေဖို့ သံပုရာညှစ်ထည့်ပြီး
သောက်ပစ်လိုက်ချင်ပါရဲ့။

htwegyi@htwegyi
October 11, 2026

အန်တီညို ရေ | Ecency