တော်လိုက်ကြစို့။

Words
175
Reading
1 min
Listen
Play
6h

တနေ့က လေပြင်းတိုက်၍ ခြံထဲမှာရှိသော ဆီးဖြူသီး
ပင်အကြောင်းတင်ထားသည်။ ထိုအပင်က လေပြင်းတိုက်၍
မြောက်ဖက်သို့ ယိုင်ကာ အပင်ခြေမှာ
အပင်နဲ့ မြေကြီးအနည်းငယ်ကွာဟ၍ နေသည်။
အမက ထိုအပင်ကို ဝါးလုံးဖြင့် ကျားကန်ပေးထားသည်။
သို့ပေသိ နောက်တနေ့မှာလည်း လေမိုးကျနိုင်သဖြင့်
အပင်၏ အလေးချိန်ကို လျှော့ချရန်နှင့် သစ်ကိုင်း
များကို ဘယ်ညာအလေးချိန်ညီစေရန် မြောက်ဖက်မှ
သစ်ကိုင်းကို ခုတ်ရန်စိတ်ကူးသည်။

အမက မြောက်ဖက်မှ သစ်ကိုင်းကို ဝိတ်ညီရန် ခုတ်
မည်ဟုပြောသောအခါ သမီးဖြစ်သူက မခုတ်ရန်
ပြောသည်။ ဟဲ့ မခုတ်ရင် နောက်တခါ လေမိုးကျရင်
ဝုန်းကနဲ့ လဲကျတော့မှာ။ အမေကလည်း အပင်က
အသီးသီးတော့မှာ နှမြောစရာဟုပြောသည်။
ညည်းနှမြောနေ သစ်ပင်လဲကျသွားမှ ဘာမှ
မစားရပဲဖြစ်နေမှာပေါ့။ ခုတ်သင့်ရင် ခုတ်ရမှာ။
မခုတ်ပဲနေရင် ပိုဆိုးသွားမှာပေါ့။

ပြောပြောဆိုဆို အမက ဓားယူ၍ သူ့သမက်ကို
ဆီးဖြူသီးကိုင်း ခုတ်ခိုင်းလေသည်။ သားမက်က
ဘယ်သန်သမားမို့ ဘယ်လက်ဖြင့် ခုတ်သည်။
အပင်၏ ကိုင်းက ခေါင်းအထက်ပိုင်းမှာမို့
လက်ကိုဆန့်ပြီး အပေါ်ဘက်သို့ လှမ်းပြီးခုတ်ရသည်။
သစ်ကိုင်းအတုတ်က လက်မောင်းခန့်ရှိသည်။
သမက်ဖြစ်သူက ခုတ်ရင်း လက် အံသေ(ညောင်း)
လာသည်။မိန်းမနှင့် ယောက်ခမက အောက်မှနေ၍
သစ်ပင်ခုတ်သူကို ကွန့်မန့်ပေးနေကြသည်။

နားလိုက် ခုတ်လိုက်ဖြင့် မိနစ်နှစ်ဆယ်ခန့်အကြာမှာ
ကိုင်းတဝက်နီးပါးခုတ်မိသည်။ ထိုအချိန်မှတာယာပွကြီး
ရောက်လာပြီး ကျန်သည့်တဝက်ကို ခုတ်ပေးသဖြင့်
သစ်ကိုင်းက ဝုန်းကနဲ့ ပြုတ်ကျလာလေသည်။
သစ်ကိုင်းက အောက်က အမြင်မှာ ကြည့်သည့်အခါ
သေးငယ်သည်ဟု ထင်ရသည်။ အောင်ပြုတ်ကျ
လာမှ ထင်ထားသည့်ထက် ပိုကြီးနေသည်။
ဝုန်းကနဲ့ သစ်ကိုင်းပြုတ်ကျသံနဲ့အတူ သားအမိနှစ်ဦး၏
အော်သံကို ကြားရသည်။

လူခိုင်းမိ၍ အော်သလားဟု ထင်မိသည်။ မဟုတ်ပါပေ
အောက်မှာရှိသော တရုတ်စကားပင်ပေါ်သို့ ပြုတ်ကျမည်ကို
စိုး၍ အော်ခြင်းဖြစ်သည်။ ဒါသည်ပင် တရုတ်စကား
ပင်၏ အကိုင်းတခုမှာ ကျိုးသွားပါသေးသည်။
ကျိုးကျလာသော သစ်ကိုင်းကို အမက ဖြတ်တောက်ပြီး
ထင်း ရအောင်ပြုလုပ်သည်။ ထိုသို့ပြုလုပ်ရင်း
ဟိုနှစ်ကောင် သစ်ကိုင်းခုတ်တာ မောနေကြပြီး။
ငါပဲ အကိုင်းအခက်တွေ ဖြတ်တောက်ရှင်းလင်း
လိုက်ရတာ။ ထိုအခါ သမီးဖြစ်သူက။

"အမယ် အမေက အောက်ကျလာတဲ့ သစ်ကိုင်းကို
ခုတ်ရတာ သူတို့လောက် ဘယ်မောမလဲ"

"ဟဲ့ ဒါကို ခုတ်ရတာလည်း အားစိုက်ရတာပဲလေ။
ညည်းခုတ်ကြည့်ပါအုံး"

သားအမိနှစ်ဦး၏ အပြန်အလှန် ပြောစကားများကို
တာယာပွကြီး မကြားပေလို့ တော်သေး။ သူကြားပါမူ
သူရို့ထက်ပိုကာ ပြောဆို‌ နေပေမည်။ အထူးသဖြင့်
ညနေ ယမကာထွေလာပါမူ ပွကြီးအတွက် ပြောစရာ
စကားများရသွားပါရင်ဖြင့် ခက်ရချည်ရဲ့။ မယ်မင်းကြီး
မတို့ရေ တော်လိုက်ကြပါစို့။

htwegyi@htwegyi
September 26, 2026

တော်လိုက်ကြစို့။ | Ecency