မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေရင်
တိမ်တွေ ပြိုတော့မှာ ကိုယ်သိတယ်။
တိမ်တွေပြိုလိုက်တာတော့ မပြောပါနဲ့တော့
အန်တီအေးရေ တနင်္လာနေ့ကစပြီး
ယနေ့ထိ အုံ့လိုက်တဲ့ မိုး ရွားလိုက်တဲ့ တိမ်။
နေရောင်လေးမြင်လိုက်တာနဲ့ ပျော်လိုက်တဲ့
အဖြစ်။ အန်တီညို ကိုလည်းမေ့ အယ်နီညိုကိုလည်း
တွေ့ နေရသလားလေ။ ကွယ်လွန်သူ အဆိုတော်
မာမာအေး၏ ဝါဆိုသီချင်းသံကြားမိရင်း
ရေးမိရင်း။
မိုးရွာလိုက်သမ မြေကြီးတွေ စိုစွတ်ပြီး ပျော့ပျောင်း
သမို့ ဟော့ လမ်းထိပ်က ထနောင်းပင်ကြီးရယ်လေ
ဘုံးဘုံးလဲကျသွားတယ်။ အဲ့သစ်ပင်က ရိုးရိုးလဲကျတာ
ဟုတ်ဘူး သူ့အောက်မှာ ဖြစ်သန်းသွားတဲ့ လိုက်ထရပ်ကားကို
ထက်ပိုင်းဖိချလိုက်တာ အိကနဲ့
ကားလေးခမျ ခါးကျိုးပါလေရာ။ တော်သေး
ကားထဲမှာပါတဲ့ လူတွေ ဘာမှမဖြစ်သမို့ ကားကတော့
အဟောသိကံ။
ဟော့ ကိုယ်ရွှေမိုးညိုရဲ့ ရိုက်ချက်က အဲ့သည့်
လိုက်ထရပ်ကားနဲ့ မပြီးသေးဘူးရယ်လေ။
လမ်းပေါ်မှာ မြန်မာနက်လား၊ မဟာနက်လား
ဘာနက်လည်းမသိဘူး။ အင်တာနက်လိုင်းကြိုးများ
လာပြုပြင်သည့်ကား အဲ့ကားကလည်း လိုက်ထရပ်
ပါပဲ။ သူ့ကားပေါ်မှာ အင်တာနက်လိုင်းကြိုးခွေ
အမဲလိပ်ကြီးပါသည်။ ထိုအမဲလိပ်ကြိုးနဲ့ ဆက်သွယ်ကာ
လျှပ်စစ်ဓာတ်တိုင်းပေါ်သို့ ကြိုးများတန်းလန်း
ပြုလုပ်ထားသည်။ မိုးကရွာထားသဖြင့် မြေကြီး
များကလည်း စိုစွတ်နေသည်။ ရာသီဥတုကလည်း
မိုးသားများဖြင့် အုံ့မှိုင်းနေသည်။ အရာအားလုံးက
စိုစွတ်အေးစက်နေသည်။
ထိုသွယ်တန်းထားသော ကားနောက်ဖက်မှာ
လူတဦးက ရပ်နေသည်။ သူ့အဖွဲ့သားများက
လိုင်းကြိုးများသွားပြုပြင်နေ၍ သူက ကားစောင့်
နေသည်ထင်ပါသည်။ ကျွန်တော်က ထိုသူ အနီးမှ
ရှိသော အင်တာနက်အမဲကြိုးကို ကျော်ခွ၍
အနောက်ဖက်ရှိ အသိအိမ်သို့ ခဏသွားသည်။
သွားပြီး၍ ပြန်လာသည့်အခါမှာလည်း ထိုကြိုးကိုပင်
ခွ၍ အိမ်သို့ပြန်လာခဲ့သည်။ ထိုလူသည်လည်
ထိုကားနောက်မှာပင် ရပ်လျက်ရှိသေးသည်။
ကျွန်တော်ခြံအတွင်းဝင်၍ အပြင်ထွက်ဖို့
စက်ဘီးကို လေထိုးနေစဉ်အတွင်း ခြံအပြင်မှ
အော်သံများကြားရသည်။ လာကြပါအုံး၊
လုပ်ကြပါအုံး ဒီမှာ လူတယောက်လဲကျနေလို့ဟု
ပြောသံကြားရသည်။ အော်သံကြောင့် အပြင်ထွက်
ကြည့်သည့်အခါ စောစောက ကျွန်တော်မြင်ခဲ့သော
သူသည် လဲကျပြီး ခြေထောက်တဖက်က မြေကြီးပေါ်၊
ကျန်တဖက်က လိုက်ထရပ်ကား၏ နောက်ဖက်
ခြေတင်ပေါ်မှာ တန်းလန်းကြီးနဲ့ ပက်လက်ကြီး
လဲကျနေသည်။
ထိုအနီးသို့ ဖြတ်သန်းသည့်ကားမှ ရပ်ကာ ကားပေါ်မှ
ဆင်းလာသူ အမျိုးသမီးများက အော်နေခြင်ဖြစ်ပေသည်။
"ဘာဖြစ်တာလဲမသိဘူး၊ ကျမတို့ ကားက အဖြတ်၊
ဒီဦးလေးကြီးလဲအကျ ကိုမြင်လို့ပါ။ ရောဂါကြောင့်
လား၊ ဓာတ်လိုက်တာလား ဘာဖြစ်တာလဲမသိဘူး။
သွားလဲ မထိရဲ့ဘူး"
တဖြည်းဖြည်းနဲ့ လူများ ဝိုင်းလာသည်။ ကားပေါ်ရှိ
လိုင်းကြိုးအမဲလုံးကြီးမှာ မီးထတောက်နေသည်။
ဓာတ်လိုက်တာနေမှာ သွားမထိနဲ့အုံး။ ကြိုးကို
ပလာယာနဲ့ဖြတ်လိုက်အုံး။ ကားပေါ်က မီးတွေ
ရေဝတ်နဲ့ အုပ်ကြပါဟ၊ ရေနဲ့ မပက်နဲ့ ပိုဆိုးမယ်။
သဲနဲ့ပက်ပါဟ စသဖြင့် တယောက်တခွန်းပြောကြ
လုပ်ကြရင်းဖြင့် မီးငြိမ်းသွားသည်။ လဲကျသွားသူ၏
အဖွဲ့သားများရောက်လာပြီး ကြိုးကိုဖြတ်ကာ
မ ယူပွေ့ချီသည့်အခါ သတိပြန်ရလာသည်။
တော်ပေသေး သေသွားပြီးဟု ထင်နေကြသည်။
သတိပြန်ရကာ မတ်တပ်ရပ်နိုင်သဖြင့် သူ့လူများက
တွဲပြီးကားပေါ်တင်ကာ မောင်းသွားကြလေသည်။
အင်း တိမ်တွေပြိုတာ မိုးတွေရွာတာကလည်း
ရင် မော လိုက် ရတာပါလား လေ။
@htwegyi
November 12, 2026