မိုးက နှစ်ရက်ဆက်တိုက်ရွာနေသည်။ မနေ့က
မနက်ခင်း လေးနာရီကျော်မှ ရွာလိုက်သည့်မိုးက
တနေကုန်ရွာနေသည်။ နေရောင်ကို မမြင်ရပေ။
ယနေ့မှာလည်း ထိုနည်းလည်းကောင်းပင်။ ညကလည်းရွာ
မနက်မှာလည်းရွာ၊ ယခုထက်တိုင်ရွာလို့မပြီးသေးပေ။
မနေ့က မိုးအေးသဖြင့် ရေမချိုးမိပေ။
ယနေ့တော့ မျက်လုံးများက ရေမချိုးသဖြင့်
ကြည့်ရတာ မကောင်းသဖြင့် ရေချိုးမိသည်။
ရေချိုးပြီး ရေနွေးတခွက်သောက်သည်။
အနွေးထည်ဝတ်ကာ နွေးနွေးထွေးထွေးနေသည်။
ရေနွေးသောက် အနွေးထည်ဝတ်ထားသည့်တိုင်
အအေးဓာတ်က တစိမ့်စိမ့်ဖြစ်နေသည်။
အသက်အရွယ် ရလာတော့ ခန္ဓာကိုယ်မှ တေဇော
ဓာတ်က ထွက်ရှိမှုနည်းပါးသည်ထင်။ တဖက်ခြံ
မူကြိုကျောင်းမှကလေးများကို သူရို့ဆရာမများက
သီချင်းများဖွင့်၍ ကခိုင်းထားသည်။ ကပြီး လှုပ်ရှား
ကြသဖြင့် ကလေးအချို့က သူရို့၏ အပေါ်ဝတ်များကို
ချွတ်ကာ ကကြသည်။ က၍ပြီးသောအခါ ဆရာမက
အပေါ်ဝတ်ချွတ်သော ကလေးများကို ပြန်ဝတ်စေသည်။
ကလေးတို့က တီချယ် ပူတယ် မဝတ်ချင်ဘူးဟု
ပြောကြသည်။ တီချယ်က ကလေးများကို ပြန်ပြောသည်။
ဘေဘီလေးတို့က သီချင်းနဲ့
ကနေလို့ အေးမှန်မသိတာ။ မကပဲ ငြိမ်ငြိမ်ထိုင်
လိုက်ရင်အေးလာမှာ။ ဒါကြောင့် ဘေဘီလေးတွေကို
တီချယ်က အပေါ်ဝတ်လေးပြန်ဝတ်ခိုင်းတာနော်
ဟုပြောနေသည်။
ကောင်းကင်မှာ မိုးတိမ်များက တိမ်သား၊ တိမ်လိပ်
သဖွယ် မတွေ့ရပေသိ တမိုးလုံး မိုးရိပ်ဖြင့် ဖွေးဖြူ
ခြင်းက ခဲရောင်ရောယှက်ထားသဖြင့် ဖြူဖွေးခြင်း
ဟု မပြောနိုင်သည့်အရောင်ပင်။ ထိုဖြူဖွေးခြင်းနှင့်
ခဲရောင်ရောထားသော မိုးကောင်းကင်သည်က
မိုးများစွာရွာသွန်ပေသည်။ မိုးရွာမှုကို ကြာရှည်
သလို မိုးအားလည်းကောင်းတတ်ပေသည်။
အခြားနိုင်ငံများ မိုးရွာမှုအားကြီးသဖြင့် ရေကြီး
ရေလျှံမှာများဖြစ်ပေါ်ခဲ့သည်ကို သတိရမိသည်။
ကိုယ်တွေထံလည်း ထိုသို့ဖြစ်ပါမူ ကူကယ်သူ မဲ့ပေ
မည်။
သဘာဝတရားကြီး၏ ရိုက်ခတ်မှု ငလျင်ဘေး
သည်ပင် အနည်းမထိုင်သေးသော ဒုက္ခများနှင့်
နပန်းလုံးနေရဆဲဖြစ်သည်။ နောက်ထပ် ဘေးဒုက္ခ
ရောက်ရှိပါမူ ရင်လေးစရာ၊ မတွေးရဲစရာပါ။
အပြင်ဖက်မှာ တဖျောက်ဖျောက်၊ တပေါက်ပေါက်
ကျနေသော မိုးစက်လေးများနှင့် တဖျောင်းဖျောင်း
ရွာသော မိုးပေါက်ကြီးများကို ကြည့်ရင်း အတွေး
နယ်ချဲ့မိသည်။ မိုးကလည်း ကောင်းပေသည်
မိုးတိတ်သွားသည်က ခဏပင်။ တဖွဲဖွဲကျလိုက်၊
တဝေါဝေါမြည်ကာကျလိုက်ဖြင့် တစိမ့်စိမ့်အေး
စေသည်။
မနေ့က ဥပုသ်နေ့ဖြစ်၍ လက်လုပ်လက်စား
ပန်းရံသမားတို့ နားရက်မို့ ကိစ္စမရှိပေ။ ယနေ့မှာ
တော့ လူတိုင်နီးပါး အလုပ်ခွင်ဝင်ကြသည်။
အမိုးအကာနှင့် အလုပ်လုပ်ရသူများအဖို့
ပြဿနာမရှိပေ။ အမိုးအကာအောက် မလုပ်ရသော
လူများအဖို့ ခက်ခဲကြပေမည်။ ကိုယ်တွေ အိမ်ထဲ
မှာနေသူပင် ချမ်းအေးလှသည်။ အပြင်ဖက် မိုးထဲ
မှာ လုပ်ကိုင်ရသူမျအဖို့ အေးရှာပေမည်။
ကျန်းမာ သန်းစွမ်းအရွယ်ကောင်းသူများအဖို့
ပြဿနာမရှိသော်လည်း ကိုယ်လို ခံနိုင်ရည်မရှိသူ
အဖို့ ခက်ခဲကြပေမည်။ မင်းသိင်္ခ၏ သဗ္ဗေသတ္တာ
ကမ္မသကာ စကားလုံးဖြင့် ရေးရ၊ ပြောရမှာပင်
ပြောမထွက် ရေးမထွက်နိုင်အောင်ပါလေ။
@htwegyi
November 10, 2026