မိုး

Words
183
Reading
1 min
1h
Listen to this post
~1 min

မိုးက တအိအိနဲ့ ရွာနေ၏။ မနေ့ ရှေ့တနေ့ ညကတည်းက စရွာနေတာကို သတိထားမိ၏။ မနေ့ ရှေ့တနေ့ညဆို‌တော့ တနင်္လာနေ့ ည ဖြစ်မည်။ ထိုနေ့ညက Futsal ကစားပြီး ထုံးစံအတိုင်း ရေချိုး၏။ ည ၈ နာရီလောက်ကစလို့ ‌မိုးရွာလေ၏။ မိုးကာ မပါသဖြင့် ပြန်ရဖို့အရေး အချိန်စောင့်နေရသေး၏။ မိုးနည်းနည်းစဲမှ ပြန်ရလေ၏။ ကျနော်လည်း အိမ်ပြန်ရောက်ရော မိုးက ခပ်ကြီးကြီး ရွာလေတော့၏။ ကံကောင်းလို့။

တနင်္လာနေ့ညက ရွာသည့် မိုးက အင်္ဂါနေ့မှာလည်း ရွာ၏။ ရွာတာမှ တနေကုန်ကို ရွာ၏။ နာရီပိုင်းလေးတောင် မနား၊ မဟုတ် မိနစ်ပိုင်းတောင် မနားပေ။ တအိအိနဲ့ တောက်လျောက်ကို ရွာ၏။ မိုးချည်းသက်သက်မရွာ မိုးနှင့်အတူ အေးသည့်ဓါတ်တွေကလည်း ပါလာလေ၏။ ဆောင်းမိုးဆိုတော့ သာမန်မိုးထက် ပို၍ အေးသလို ရှိ၏။ မနေ့က တနေကုန် ဘယ်မှ မသွား။ ဘယ်မှ မသွား ဆိုပေမဲ့ အပြင် ၂ ခေါက်တော့ ထွက်ရ၏။ တူ၊ တူမလေး ကျောင်းပို့ ကျောင်းကြို ဖြစ်၏။

မိုးရွာ‌လို့ အေးလို့ ကျောင်းမသွားဖို့ ပြောပေမဲ့ တူမလေးက မရပေ။ သွားမယ်ချည်း စာတွေ နောက်ကျကုန်လိမ့်မယ်တဲ့။ အင်မတန် ကျောင်းသွားလိုသော ကလေးတွေ ဖြစ်၏။ ကျနော်တို့များ အဲ့လိုပြောပေးပါလား။ ကပြီးကို ကျောင်းမသွားဘူး လုပ်မှာ။ အင်း ကိုယ်တွေ ငယ်ငယ်ကနဲ့တော့ ဘယ်တူတော့မည်နည်း။

မနက် သူတို့ကို လိုက်ပို့ပြီး ရေစိုဝတ်တွေ လဲရ၏။ အိပ်ရာထဲ နာရီအနည်းငယ် ပြန်ဝင်နေလိုက်မှ အေးနေသော ကိုယ်ခန္ဓာ အနည်းငယ်နွေးစ ပြုလာခဲ့၏။ ညနေ တခါ သွားပြန်ကြိုတော့ မိုးတခါ ထပ်စိုပြန်၏။ ကျနော့် မိုးကာက အပေါက်သေးသေးလေးတွေ ပေါက်နေပြီမို့ မိုးမလုံတော့ပေ။ ခပ်ပါးပါး ခပ်ဖွဲဖွဲဆိုရ၏။ ခုလို တအိအိနဲ့ ရွာသည့် မိုးမျိုးဆိုရင်တော့ မရပေ။ မိုးကာ ဝတ်ထားပြီး မိုးကာ မပါသည့်သူလို စိုရွှဲသွားစေသည့် အနေအထားမျိုး ဖြစ်နေပြီ။ ဆောင်းရောက်ပါပြီလေ နောက်နှစ်မိုးမှ မိုးကာ အသစ်ဝယ်မယ်တွေးထားကာမှ ကိုရွှေမိုးက နောက်ဆုံးပိတ် အိတ်နဲ့ လွယ်နေလေသလားပဲ။

တကယ် နောက်ဆုံး ပိတ်ဆို တော်သေး။ ခုက တန်ဆောင်တိုင် ပွဲတော်လည်း နီးလာခဲ့ပြီ။ တန်တောင်တိုင်နဲ့ မိုးက နောက်ပိုင်း နှစ်တွေမှာ မိတ်ဖက်တွေလိုပဲ အတူတူ တွဲလာလေ့ ရှိ၏။ ဒီအတိုင်းဆို ဒီနှစ်လည်း တန်ဆောင်တိုင် မိုးလွတ်မယ့်ပုံ မပေါ်ပေ။ ဈေးသည်တွေတော့ အခက်တွေ့ပေလိမ့်ဦးမည်။ ဆိုင်ခန်းခ၊ နေရာတွေ ဈေးကြီး ပေးထားရသည် မဟုတ်လား။ ပွဲတော်ကလည်း ပွဲတော် မပီသတာ ကြာနေပါပြီ။ ကိုယ် မလည်ဘူး ဆိုပေမဲ့ ရာသီဥတုကောင်းမွန်တော့ မိုးပုံးပျံ အတွက်ကော၊ လည်ပတ်သူများ၊ ဈေးရောင်းဈေးဝယ်သူတွေကော အဆင်ပြေကြမည် မဟုတ်လား။