အကြော် ဍီကာ

Words
169
Reading
1 min
6h
Listen to this post
~1 min

မနက်ပိုင်းက ဆိုင်းမဆင့် ဗုံမဆင့် မိုးကရွာချသည်။
မိုးရွာချသည့်အချိန်မှာ ကျွန်တော်က ဈေးထဲရောက်နေသည်။
မိုးရွာသဖြင့် ဈေးသည်များ လှုပ်လှုပ်ရှားရှား
ဖြစ်ကုန်သည်။ မိုးက တဖွဲဖွဲကျရာမှ သည်းသည်းမဲမဲ
ဖြစ်လာ၍ ကျွန်တော်လည်း စက်ဘီးကိုတွန်း၍
ဈေးအတွင်း မိုးလုံသည့်နေရာသို့ သွားကာ မိုးခို
ရပါလေသည်။

မနက် အိမ်မှ ထွက်လာတုန်းက အကောင်းပင်။
အမေ စားချင်သည့် တိုးဟူးကြော်ဝယ်ပြီး
ဈေးသို့ အသွား ဈေးထဲရောက်ပြီးမှ မိုးကရွာချခြင်း
ဖြစ်သည်။ အကြော်ဆိုင်များက ဈေးအနီးမှာ
ရှိကြသည်။ အကြော်တစ်ထောင်ကျပ်ဖိုး ရှစ်ခု
ရသောဆိုင်သို့ သွားဝယ်ရသည်။ သို့မှ အကြော်ပိုမို
စား ရပေမည်။ သို့ပေသိ ထို အကြော်ရှစ်ခုဆိုင်
သည်လည်း သီးတင်းကျွတ်လပြည့်နေ့မှာပင်
ချက်ချင်း တစ်ထောင်ဖိုး ခြောက်ခုဖြစ်သွားပေသည်။


Credit lmage.

တစ်ထောင်ဖိုး အကြော် ခြောက်ခုချင်းတူတူ
စား၍ကောင်းသော၊ အချဉ်ရည်ပေးသော
ဆိုင်ကိုသာ ဝယ်ယူရပေသည်။ ယခင်ဝယ်နေကျ
ဈေးအရှေ့မှ အကြော်ဆိုင်သည် တိုးဟူးကြော်များက
ပျော့သည်။ တိုးဟူးကြော်ပျော့ကို ဝယ်ခဲ့မိသော
ကျွန်တော့်အား အမေက တိုးဟူးအစိမ်းအတိုင်း
ပေးလိုက်တာနေမှာဟု ပြောသည်။ အကြော်ဆိုင်က
ဝယ်သူများသဖြင့် တခါတရံ တိုးဟူးကြော်ကို ကြွပ်အောင်ထိ
မကြော်တော့ပေ။ ဒီအတိုင်း ဆယ်ယူပြီး
ရောင်းချသည်။ ဈေးအနီးမှာ ရောင်းသဖြင့်
ဝယ်လိုအားက များသည်။ ဒီတော့ အကြော်ရောင်းသူမှ
အရည်အသွေးကို အဓိက မထားတော့ပေ။

အကြော်ဆိုင်များအနက် စားကောင်းသော
အကြော်၊ အချဉ်ရသော အကြော်ဆိုင်သည်က
အိမ်မှာ ကြော်၍ရောင်းသော ဆိုင်ဖြစ်သည်။
ထိုအိမ်မှာရောင်းသော အကြော်ဆိုင်က ဈေးနှင့်
အနည်းငယ်လှမ်းသည်။ အကြော်ကို တကူးတက
သွားဝယ်ရသည်။ သို့ပေသိ ဈေးသို့ သွားရာ လမ်းမှာ
ရှိပြီး နှစ်ပြ၊ သုံးပြခန့် ပိုမိုသွားရသည်။ ထိုအကြော်
ဆိုင်က အကြော်စုံရသည်။ အမေကြိုက်သော
တတုးဟူးကြော်၊ ဘယာကြော်၊ ဘူးသီးကြော်နှင့်
ပဲစအုကြော်များရသည်။ အချဉ်လည်း ပေးသည်။

ယခုနောက်ပိုင်း အကြော်ရောင်းသော ဆိုင်များက
အချဉ်မလုပ်ကြတော့ပေ ကုန်ဈေးနှုန်းကြီးမြင့်
သည်ကလည်းပါပေသည်။ အချို့ဆိုင်များက
အကြော်ကိုနှစ်မျိုး၊ သုံးမျိုးသာ ရောင်းချကြတော့
သည်။ တစ်ထောင်ဖိုး ခြောက်ခု အကြော်သည်လည်း
သေးငယ်သဖြင့် တကိုက်စာသာရှိသေည်။
သို့ပေသိ တကိုက်စာ ရှိရှိ၊ မရှိရှိ အခြေခံလူတန်းစား
များအတွက် အကြော်သည်က မနက်ခင်း စားသုံး
ရန် လွယ်ကူ အဆင်ပြေသည့် အစားစာ ဖြစ်သည်။
အခြား ရွေးချယ်စရာ မနက်ခင်း အစားစာများ
ရှိကြပေသိ ကျွန်တော်တို့က အကြော်ကို အမြဲလို
စားသုံးနေဆဲ ဖြစ်ပေသည်။

htwegyi@htwegyi
November 4, 2026

အကြော် ဍီကာ | Ecency