ရာသီဥတုက ဆက်လက် ဆိုးရွားနေဆဲပင်။ မိုးတော့ မရွာတော့ပေ။ မနေ့က တနေ့ကုန် မရွာ။ ဒါပေမဲ့ အေး၏။ အေးတာမှ တော့်တော့်ကို အေး၏။ စာရေးနေရင်း Weather App ထဲ ဝင်ကြည့်တာ ၁၄ ဒီဂရီသာ ရှိလေ၏။ ကျနော်တို့ဆီမှာ အအေးဆုံးက ၆ ဒီဂရီလား မသိ တနှစ်က ရောက်ခဲ့ဖူး၏။ ဘာပြောကောင်းမလဲ အေးတဲ့ အအေးက ရက်စက်၏။ ဟို နံနံခြားက အနှုတ်အောက်တွေလိုဆို ဘယ်လိုများ နေမယ် မပြောတတ်ပေ။
အေးပေမဲ့ မိုးမရွာလို့ တော်သေးသည် ဆိုရမယ်။ နို့ဆို မိုးကရွာ အေးကအေးနဲ့ အတော်ဆိုး၏။ အေးတာကို လက်ခံလို့ရ၏။ မိုး တအိအိနဲ့ ရွာနေတာက ဘယ်လိုမှ အဆင်မပြေပေ။ မနေ့က အိမ်က ချန်ပီယံတွေ ကျောင်းမသွားပေ။ သူတို့ ကျောင်းသွားမယ့်အချိန်ထိ မိုးက ရွာနေသေးသဖြင့် ကျောင်းမပို့ခြင်း ဖြစ်၏။ ကျောင်းပျော်တွေလည်း မငြင်းတော့ပေ။ မငြင်းဆို ရှေ့ရက်က မိုးထဲ ရေထဲ အေးသည့် အရသာကြီးကို သူတို့ ခံလိုက်ရသည်ကိုး။
ဒီနေ့ မိုးမရွာတော့သဖြင့် ကျောင်းပို့မည်။ ဆွမ်းတော်တင်ပြီး ထမင်းချိုင့် ပြင်ဆင်၏။ တူမလေးက ပဲပုပ် ကြိုက်သဖြင့် ပဲပုပ် ကင်ပေးဖို့ ပြင်ရ၏။ မီးဖို ရှော့ဖြစ်ပြီး ဖျူးပါ ပြတ်သွား၏။ ကောင်းရော။ ဖျူးလဲရ၏။ ပြန်တပ်၏ ထပ်ပြတ်၏။ မီးဖို ခလုတ် မပိတ်ထားသောကြောင့် ဖြစ်၏။ သို့နှင့် ဖျူးတခါ ပြန်ထပ်လဲရပြန်၏။ ဒီတခါတော့ ပြန် မတပ်ခင် မီးဖိုခလုတ် ပိတ်ထား၏။ မီးရပြန်တော့ မီးဖိုကို စစ်ရပြန်၏။
ဟိုနေ့က ကျနော်ပြောသည့် ကြွေသီး အစားထိုး ကော်က ဒုက္ခ ပေးခြင်း ဖြစ်၏။ အဆိုပါ ကော်ကြွေသီးက မီးဖိုမီးနဲ့ အတော်လေး ကပ်နေလို့လည်း ပါမည်ထင်။ ကော်တွေ ပျော်ပြီး ဝါယာတွေ ရှော့ဖြစ်ခြင်း ဖြစ်၏။ စောစောစီးစီး အေးပါတယ်ဆို အလုပ် ရှုပ်ရပြန်လေပြီ။ ကြွေသီးလဲမှပဲ ရမယ်။ ဂတ်စ်မီးဖိုနဲ့သာ ပဲပုပ်ကြော်လိုက်၏။ သူတို့ကို ကျောင်းပို့ရင်း ကြွေသီး ဝင်ဝယ် လိုက်ပါ တွေးထား၏။