ရာသီဥတုက ခု ပူလိုက်၊ ခု မိုးအုံ့လိုက်နဲ့။
ခဏနေ မိုးတွေရွာလာလိုက်။ ခဏကြာတော့
နေလုံးကြီးထွက်ကာ နေရောင်ဖြာကျလာပြန်သည်။
အရူးမလင် ကျနေတာဟု ပြောကြသည်။
အရူးမလင် ခမျ အဘယ်သို့ရှိမည်မသိပေ။
ကိုယ်တွေ ခုနေတော့ Hive နှင့် ပတ်သက်၍
အရူးမလင်ဖြစ်နေရသည်။
Hive သည်က ကျပြီရင်း ကျနေသည်။ ဆယ်ပြား
အနီးသို့ တိုးဝင်လာနေပေသည်။ အင်း တစ်ဒေါ်လာ
ဖြစ်ဖို့ စောင့်ရသူကိုယ်တွေအဖို့ ဆယ်ပြားနဲ့ ညား
ရပေသည်။ ဖြစ်ချင်တာလည်း မဖြစ်ရပါ။
မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ ဆိုသလို။
သီချင်းသာ အော်ဆိုချင်မိတော့သည်။
ယနေ့တော့ နေသာသည်ဟု ပြောရမလား။
ယခုစာရေးနေစဉ် အချိန်မှာ နေကြီးက ဝင်းဝင်းတောက်
ပူနေသည်။ မိုးတိမ်သား အနည်းငယ်ရှိသည်။
ခု နေပူပေသိ တော်နေ အရှေ့အရပ်ဆီမှ
မိုးသားများ တက်လာကာ မိုးက ရွာချင်ရင်
ရွာတတ်သည်။ ငယ်ငယ်က ကလေးဘဝ ဆိုခဲ့သော
သီချင်းလား၊ ကဗျာလား မသိပါ။ ထိုစာသား
လေးသတိရမိသည်။
နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး လှံနဲ့ထိုး
ထိုးလိုက် ထိုးလိုက်
ဗထချိုက် ဆိုလားပဲ။
ဘာအဓိပ္ပါယ်လဲ မသိပေ။
ကလေးဘဝ ဆိုကောင်းကောင်းနဲ့ အော်ဆိုခဲ့ဖူးသည်။
ဒီလိုပါပဲ ဘဝမှာ အသက်သာ ကြီးလာတာ
ကိုယ်မသိသေးတဲ့ အရာတွေ အများကြီးရှိပါသေးတယ်။
တခါတရံ သိသလိုလို မသိသလိုလို စောင်ဆရာကြီးက
လုပ်ချင်သေးတယ်။ ကိုယ့်ကိုကိုယ် ဆုံးမရသေး။
နင်သိ နင်တတ် သိပ်မလုပ်နဲ့လို့။
နေရာတကာ ဝင်မပါနဲ့ သတိပေးကာ သတိထား
နေရသည်။ အပြောနည်းကာ နားထောင်သူ
ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒေါသကိုလည်း
လျှော့နိုင်သမျှလျှော့ရသည်။ တခါတလေ
လွတ်ကနဲ့၊ ဒိုင်ကနဲ့၊ ရှူးကနဲ့ ထွက်ပေါ်ချင်သေး။
ဒေါသတွေကို မျိုချပြီး စအိုက ပြန်ထုတ်လို့ ရရင်
ကောင်းမှာ။ ဒီဒေါသဆိုတာကြီးက ကောင်းတဲ့
အရာမဟုတ်ပေဘူး။ ဒါကြောင့် ဒင်းကို အစာဟောင်း
နဲ့ရောထုတ်ချင်ထာ။ ဒေါသက သူတပွေထဲ လာတာ
မဟုတ်။ သူက ဘော်ဒါတွေ တပြုံးကြီးနဲ့ လာတာ။
ဒေါသနဲ့အတူ မောဟ၊ လောဘတွေပါလာတတ်တာလား။
အဲ့ကောင်တွေက best friend တွေ။
လောဘ၊ ဒေါသ၊ မောဟ သူငယ်ချင်းသုံးကောင်
ရဲ့နောက်မှာ ရှိသေးတယ်။ ထားတော့
အဲ့သဟာတွေတော့ သေချာမသိတော့ဘူး။
ဒီသုံးကောင်နဲ့ ကိုယ်တွေ ဘဝဆိုတဲ့ တိုင်ကြီးမှာ
တိုင်ပတ်နေကြတာ။ တိုင်ကြီး ပတ်နေရတာ
မောလိုက်ထာဗျာ ဆိုသလို။