အရှုံးတွေထဲမှာ လဲပြိုရင်း ဆိုတဲ့ ကိုလေးဖြူ သီချင်းထဲက စာသားက လက်ရှိမှာ United အတွက် ရေးဖွဲ့ထားသလိုပင်။ ဘာတွေ မှားနေလဲ United ရေ။ ဘာတွေ လွဲနေလဲ။ ကစားသမားတွေလား နည်းပြလား။ မနှစ်က ယာယီ နည်းပြ ဘဝကနေ ဒီနှစ်မှာ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခံရတဲ့ Michael Carrick အနေဖြင့် ယခင်လို ရလဒ်ကောင်းတွေ စွမ်းဆောင်ပြနိုင်ခြင်း မရှိနေခဲ့ပေ။
United ကို ကြည့်ရတာ တည်ငြိမ် ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မရှိနေပေ။ ဒီတပွဲကောင်း ဟိုတပွဲ မကောင်း အဲ့လို မဟုတ်ဘူးနော်။ တပွဲထဲမှာပဲ ကောင်းသွားလိုက်၊ မကောင်းလိုက် ဖြစ်နေတာ။ အတက်အကျက အတော်လေး မြန်နေခဲ့တာ။ ဒီလို အခြေအနေကို နည်းပြက သေချာ ကိုင်တွယ်နိုင်ဖို့ လိုပေလိမ့်မည်။ Everton နဲ့ ပွဲမှာ ဆိုရင်လည်း အာရုံစူးစိုက်မှု လျော့သွားလို့ အနိုင်ကနေ သရေ တမှတ် ပြန်ပေးလိုက်ရ၏။ Hull City နဲ့ EPL အဖွင့်ပွဲကတော့ ပြောနေစရာကို မလိုတော့ပေ။ United က အဆိပ် မရှိတော့တာ ကြာပြီ။ သရဲနီ စိတ်ဓါတ် ပြန်လည် အသက်ဝင်ဖို့ အချိန် ဘယ်လောက် ကြာမည်နည်း။
Derby ပွဲစဉ်တုန်းကပဲကြည့် တယောက်လျော့ City ကို ပွဲချိန်ပြည့် နီးပါး ဖိအားပေး ကစားနိုင်ခဲ့ပေမဲ့ အနိုင်ဂိုး ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ကိုယ်က မသွင်းနိုင်တော့ တဖက်က သွင်းယူသွားခဲ့၏။ အဆိုပါ ဂိုးက အငြင်းပွားဖွယ်ရာ ဖြစ်နေပေမဲ့ United ၏ ကြိုးပမ်း အားထုတ်မှုက မေးခွန်းထုတ်စရာပင်။ ပြီး နည်းပြ၏ လူစားလဲလှယ်မှုကောပေါ့။ အနိုင်ရသင့်သည့် ပွဲ၊ အမှတ်အရယူရမယ့် ပွဲစဉ်တွေကို ဒီအတိုင်း လက်လွှတ် ဆုံးရှုံးလိုက်ရတာတော့ မဟုတ်သေးပေ။
ခုလည်း မနက် အစောမှာ ကစားခဲ့သည့် Carabao Cup Round 3 ပွဲစဉ်မှာ Brighton ကို ၂-၃ ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြန်လေ၏။ ဦးဆောင်ဂိုးတွေ အရင်သွင်းခဲ့ပြီးမှ အရှုံးပေးခဲ့ရခြင်း ဖြစ်၏။ ၈ မိနစ်နှင့် ၁၀ မိနစ် မှာကတည်းက ဦးဆောင်ဂိုး ၂ ဂိုး ရထားခဲ့၏။ ဒါကို Brighton က နောက်ကနေလိုက်ပြီး ချေပဂိုးတွေ အနိုင်ဂိုးတွေ သွင်းယူ သွားခဲ့တာဆိုတော့ ဘာများ ပြောနိုင်ပါဦးမည်နည်း။ ဘယ်နေရာမှာ လွဲနေလဲ။
အဆုံးမှာတော့ Carabao Cup ကနေ စောစီးစွာ ထွက်ခွာခဲ့ရပြီ။ EPL မှာ City, ခု Carabao Cup မှာ Brighton ကို ရှုံးကာ ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ထားရပြီ ဖြစ်၏။ ၂ ပွဲလုံးက ကိုယ် အသာစီး ရထားသည့် ပွဲစဉ်တွေ ချည်းပင်။ အသာရနေတာကို ဘာကြောင့် ရှုံးသွားရတာလဲ ဆိုတာကို အဖြေရှာဖို့ကတော့ နည်းပြ၏ တာဝန် ဖြစ်မည်ထင်။ Michael Carrick တယောက် မြန်မြန် ရှာတွေ့နိုင်ဖို့ မျှော်လင့်မိပါ၏။
(photos from Carabao Cup)