တပို့တွဲ မီနူး။

Words
195
Reading
1 min
Listen
Play
2y

တပို့တွဲလပြည့်နေ့ အမှတ်တရ အစားတလိုင်း
ဟုပြောရပါမည်။ မနေ့က ထမင်းနှဲထိုးသည်။
ထမင်းနှဲ၊ နှမ်းမနှဲ ဟုလည်းခေါ်သည်။
အမေက ထမင်းနှဲစားချင်သည်ဟုပြော၍
ထမင်းနှဲ ထိုးရသည်။ အမေက အတော်ဂွကျ
သည်ဟုပြောရမည်။ ကျွန်တော်က ထမင်းနှဲ
မထိုးတတ်ပါဟုပြောသော်လည်းမရပါ။
ထမင်းနှဲ ကို ဝယ်ကျွေးပါမည်ဟု ပြောလည်း
မရပါ။ အိမ်မှာထိုးသော ထမင်းနှဲကိုသာ
စားချင်သည်ဟုပြောသည်။

ထမင်းနှဲ ကို အိမ်မှာ နှစ်စဉ် ထိုးစားနေကျဖြစ်သည်။
ထမင်းနှဲ ထိုးသူက ကျွန်တော့်အမဖြစ်သည်။
တပို့လပြည့်မတိုင်ခင် တရက်အလိုမှာ
ထမင်းနှဲ ထိုးနေကျဖြစ်သည်။ အမေက
ထမင်းနှဲ ကို အင်မတန်ကြိုက်သည်။
ထိုကြောင့် အမေ့အတွက် အမက ထမင်းနှဲ
ထိုးသည်။ နှစ်စဉ် နို့ဆီဗူးလေးလုံးထိုးသည်။
ယခုနှစ်မှာ အမက ထမင်းနှဲ မထိုးတော့ဟု
ပြောသည်။ ထိုအခါ အမေက ကောက်ညှင်း
နို့ဆီဗူးနှစ်လုံးနှင့် မြေပဲ၊ နှမ်းများ သူ့ကိုဝယ်ပေးရန်ပြောသည်။

"အမေပြောတဲ့ ကောက်ညှင်း၊ မြေပဲနဲ့ နှမ်း
ဝယ်တာတော့ ဟုတ်ပါပြီ။ ထမင်းနှဲ က
ဘယ်သူထိုးမှာတုန်း"

အမေ့ကိုပြောသောအခါ အမေက

"ငါထိုးမှာပေါ့"

"ဟ အသာလုပ်ပါ ဒေါ်အုံးရယ်။ ကိုယ်တိုင်
တောင် သူများထူမှ ထနိုင်တာ။ ဘယ်လိုများ
ထမင်းနှဲ ထိုးဖို့ စိတ်ကူးလိုက်တာလဲ"

အမေနဲ့ ကျွန်တော်တို့ ပြောစကားကြောင့်
အမက အမေကို

" အမေ စားချင်ရင် ထိုးပေးပါမယ်။
နှစ်တိုင်း ထိုးနေကျဟာ။ ကျုပ်ပဲထိုးပေးမယ်။
အမေ့မြေးက ကြာဇံချက် ချက်စားမယ်ပြောလို့။
မထိုးတော့ဘူးစိတ်ကူးတာ။ လပြည့်နေ့မှ ကြာဇံ
ချက်စားမယ်"

ထမင်းနှဲပြဿနာက အမ ဝင်ရောက် ပြောဆို
မှသာ ပြီးသွားသည်။ နို့မို့ အမေက မလွယ်ပါ။
ဝယ်ကျွေးသော ထမင်းနှဲ လည်းမစား။ အိမ်မှာ
ထိုးသော ထမင်းနှဲ မှသာ စားမည်ပြောသည်။
ဝယ်စားမည်ဆိုပါမူ ထမင်းနှဲ အစိတ်သားကို
လေးထောင်ပေးရသည်။ ဒါတောင် နာမည်
မရှိသော ထမင်းနှဲဆိုင်မှဖြစ်သည်။ နာမည်
ရှိသော ထမင်းနှဲ ဆိုပါမူ အစိတ်သား ရှစ်ထောင်
ကျပ်ထိပေးရသည်။

ထိုကြောင့် တပို့တွဲလပြည့်နေ့မှာ ထမင်းနှဲ ကို
အဝအပြဲ စားပြီးသကာလ ကြာဇံချက်ပါ
စားပိုးနင့်အောင် စားကြရသည်။ အမေသည်က
ထမင်းနှဲများကို ထိုးသောနေ့မှာ အဝစားသည်။
နောက်တနေ့ လပြည့်နေ့မှာ ဘုရားကို ထမင်းနှဲ
ကပ်ပြီး ထပ်မံစားပြန်သည်။ အမေက ထမင်းနှဲကို
ဘူးသီးကြော်လေးနဲ့ စားချင်သည်ဆို၍
ဘူးသီးကြော်ဝယ်ပေးရသည်။

လပြည့်နေ့ဖြစ်၍ အကြော်ဆိုင် အချို့က မဖွင့်ပေ။
တော်သေး ဈေးထဲမှ အကြော်ဆိုင်ကဖွင့်ပြီး
ဘူးသီးကြော်ရောင်းသဖြင့် အဆင်ပြေသွား
သည်။ အမေသည် ထမင်းနှဲနှင့် ဘူးသီးကြော်
ကို အားရ ပါးရစားသည်။ နေ့လယ်ခင်းမှတော့
ကြာဇံချက်များကိုလည်း အားရ ပါးရစားပြန်သည်။
နေ့လယ်ခင်း ထမင်းကို တလုပ်နှစ်လုပ်ခန့်သာ စားသည်။
အမေက သူစားချင်ရာ စားပြီးသကာလ
နေ့လယ် နေ့ခင်း တခေါခေါဟောက်ကာ
တရေးအိပ်နေပါလေတော့သည်။

htwegyi@htwegyi
February 12, 2025

တပို့တွဲ မီနူး။ | Ecency