Both :: Internet & Electricity

Words
217
Reading
1 min
Listen
Play
6h

မီးက ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီ။ မှန်မှန်လေး ပျက်၏။ ယခင်က အချိန်အတော်ကြာ ပေး၏။ ခုက အချိန်အတော်ကြာ ပျက်၏။ ဟိုးအရင်တုန်းကလိုပေါ့။ ဘဘကြီး လက်ထက်မှာ ပိုကောင်းလာဖို့တော့ မရှိပေ။ လက်ရှိ ဘဘကြီးက အရင် ဘဘကြီးတွေထက်တောင် သာ၍ ဆိုးပေဦးလိမ့်မည်။ ခုလည်း ဒုက္ခပေါင်းစုံ ပေးနေသည် မဟုတ်လား။ ရန်သူမျိုး ငါးပါးဘေးကို အပြည့်အဝ ခံစားနေကြရသည့် နိုင်ငံသူ၊ နိုင်ငံသားတွေပင်။

မီးက မမှန်ရသည့်အထဲ မနေ့က wifi ကပါ ပျက်ပြန်၏။ Los မီးနီလင်းနေ၏။ နေ့လည် ကတည်းက လိုင်းက မရ။ ကိုယ့်ကိုက မီးဖိုခန်းမှာ ချက်ရေး ပြုတ်ရေး လုပ်နေရတာနဲ့ wifi ဘာဖြစ်နေမှန်း သတိမထားမိပေ။ လိုင်းမကောင်းနေလို့ဟုသာ ထင်မှတ်နေခဲ့၏။ ညနေအထိဆိုတော့ သိပ်တော့ မဟုတ်တော့ပေ။ သို့နှင့် အပေါ်တက်ကြည့်တော့ Los မီးနီလင်းနေသည်ကို တွေ့ရ၏။ တနေရာရာမှာတော့ ကြိုးပြတ်နေပြီထင်။

သို့နှင့် wifi ရုံးကို လှမ်းပြောရ၏။ ထုံးစံအတိုင်း service order တင်ပေးထားကြောင်း ၃ ရက် ကြာမည် ဖြစ်ကြောင်း ပြောလေ၏။ Service Team မှာ အနည်းဆုံး လူ ၂ ယောက်နှင့် ၃ ယောက်ကြား ပါဝင်၏။ Wifi Company ကြီး တခု အနေနဲ့ Service Team တခုပဲ ရှိတာ မဖြစ်နိုင်ပေ။ ကျနော်တို့ မြို့၏ ကနဦး Wifi Company လည်း ဖြစ်သည်မို့ ဝန်ထမ်း အင်အားနည်းစရာ အကြောင်းတော့ မရှိပေ။ ရန်ကုန်လို မြို့နယ်များလို့ဆိုထား။ ခုက မြို့က အကျယ်ကြီးလည်း မဟုတ်ပေ။

ပြီး ဒီမှာက သူတို့ wifi တမျိုးထဲကို တမြို့လုံး တပ်ဆင် အသုံးပြုနေတာ မဟုတ်ပေ။ တခြား အမျိုးအစားတွေလည်း သုံးကြ၏။ ထို့ကြောင့် Service Team လက်မလည်နေတာမျိုး မဖြစ်နိုင်ပေ။ သူ့ အစီအစဉ်နဲ့သူ အလှည့်ကျ လာမယ် ဆိုရင် ၃ ရက် ထိတော့ မကြာသင့်ပေ။ ပြီး Service Team တွေကို အပိုင်းလိုက် ခွဲထားမှာ သေချာ၏။ သူ့အပိုင်း ကိုယ့်အပိုင်း ခွဲဝေ လုပ်ဆောင်မှာ ဆိုတော့ ထိုမျှထိတော့ မကြာသင့်ပေ။

Before & After က အတော်ကွာခြားလှ၏။ မတပ်ဆင်ခင် Marketing ဆင်းတုန်းကတော့ တမျိုး၊ တပ်ဆင်ပြီးရင် service ကအစ အချိန်ကြာပြီး သိပ်အလေးမထားကြတော့ပေ။ လက်ရှိ wifi ကိုက ၂၀၁၃ လောက်ကတည်းက တပ်ဆင် အသုံးပြုလာခဲ့ခြင်း ဖြစ်၏။ လိုင်းကောင်းပေမဲ့ ခုလို service ပိုင်းမှာတော့ အားမရပေ။ မပျက်ရင် ဘာမှ မဖြစ်၊ ပျက်ရင် စောင့်ပေတော့ပဲ။ Wifi လစဉ်ကြေးသွင်းဖို့ကို တရက်ကြို သတိပေးတတ်လေ့ ရှိပြီး ရက်ပြည့်သွားလို့ လစဉ်ကြေးသွင်းတာ နောက်ကျရင် လိုင်း ဖြတ်တာမျိုးတွေ ရှိသေး၏။

ကိုယ့်ဖက်ကတော့ လစဉ်ကြေး တခါသားမှ နောက်မကျဖူးပေ။ ပြီးလစဉ်ကြေးက ကြိုသွင်းရခြင်း ဖြစ်၏။ သူတို့ဖက်က လစဉ်ကြေးကို နာရီပိုင်းတောင် ကျော်လွန်တာ လက်မခံပေမဲ့ ကိုယ်တွေမှာ Los မီးနီ ကြိုးပြတ်လေးပြင်ဖို့ကို ၃ ရက်တောင် စောင့်ပေးရမယ်တဲ့လေ။ ကောင်းပါပေ၏။

Both :: Internet & Electricity | Ecency