Last Dance

Words
199
Reading
1 min
Listen
Play
13h

ကမ္ဘာ ၂ ခုကား မတူညီခဲ့ပေ။ အောက်တိုဘာ ၇ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲမှာ Argentina vs Benin တို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားသွားခဲ့၏။ Messi ၏ နိုင်ငံ လက်ရွေးစဉ် ကစားသမားဘဝ နှုတ်ဆက်ပွဲလည်း ဖြစ်လေ၏။ အဆိုပါ ပွဲစဉ်မှာ Argentina က ၃-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ခြေစမ်းပွဲ ဆိုတာထက် အဓိကက Messi အတွက် ဂုဏ်ပြုပွဲဟု ပြောရမည် ဖြစ်၏။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာကလည်း မင်္ဂလာတပါးပင် မဟုတ်ပါလေလား။

အဆိုပါ ပွဲစဉ်မှာ Messi က အဓိက ဇာတ်ကောင် ဖြစ်ခဲ့၏။ ပြိုင်ဘက် အသင်းကော ဒိုင်လူကြီးပါမကျန် Messi အတွက် အမှတ်တရကောင်းတွေ ဖြစ်စေခဲ့၏။ နှုတ်ဆက်ပွဲမှာ Messi ဂိုးဖန်တီးသလို ကိုယ်တိုင်လည်း ဂိုးသွင်းယူ၏။ Messi ၏ နိုင်ငံ လက်ရွေးစဉ် ကစားသမားဘဝက လှလှပပလေးနဲ့ ပြီးဆုံးသွားခဲ့၏။ မျက်ရည်ဝဲနေတဲ့ လက်ခုပ်သံတွေ နှင့်အတူပေါ့။

Ronaldo ၏ Portugal အသင်း ကိစ္စရပ်တွေ ဖြစ်ပြီးနောက်မှာ Messi ၏ နှုတ်ဆက်ပွဲလာသည်ဆိုတော့ Ronaldo ကိုလည်း ထိုသို့ ဂုဏ်ပြုခံရစေချင်မိ၏။ သူလည်း ဂုဏ်ပြုထိုက်သူပဲလေ။ ဒါပေမဲ့ အခြေအနေတွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ပြိုင်ပွဲကာလမှာ အသင်းအဖွဲ့ကနေ မိမိသဘောဆန္ဒအလျောက် ထွက်ခွာလာခဲ့သည်မို့ Ronaldo အနေဖြင့် ဂုဏ်ပြုခံရမယ့် အစား အရေးယူခံရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပြီ ဖြစ်၏။

Ronaldo ၏ ထုတ်ပြန်ချက်အရ နည်းပြက ကတိ မတည်ခဲ့ဘူးဟု ဆိုထား၏။ ဒါသာ အမှန်ဆို နည်းပြ အနေဖြင့် ထိုသို့ မလုပ်ခဲ့သင့်ပေ။ ဘယ် ကစားသမားအပေါ်မှာမှ ထိုသို့ မလုပ်သင့်ပေ။ အသက်အရွယ် ကြီးနေပြီ ဆိုပေမဲ့ Ronaldo လို ကစားသမား အပေါ်မှာ ထိုသို့ မပြုမူသင့်ပေ။ နိုင်ငံအတွက် ပေးဆပ်ခဲ့သူ တယောက် အပေါ်မှာပေါ့။ Ronaldo ၏ အတ္တ မာနတွေကလည်း တခါတလေကျပြန်တော့ ခက်သားလား။ ဒီ အသက်အရွယ်မှာတော့ မာန်မာန အချို့ကို ဖယ်ထားသင့်ပြီ ထင်ပါ၏။

ကို့ယ်ကို မလိုအပ်တဲ့ အရပ်မှာ မနေထိုင်ချင်ဘူးကွာ ဆိုရင်တောင် ချက်ချင်းကြီး ထထွက်သွားတာမျိုး မလုပ်သင့်ပေ။ အခြေအနေ အချိန်အခါကို ကြည့်သင့်၏။ ငါလို Goat ကို ဒီလို လုပ်တာလား ဆိုတာထက် တဖက်မှာလည်း ငါ့ အသင်း၊ ငါ့ နိုင်ငံ ဆိုသည့် စိတ်မျိုးလေးထားပြီး Nations League ပွဲစဉ်များ ပြီးမှ အကျိုးသင့် အကြောင်းသင့် ရှင်းလင်း ပြောဆိုကြရင် မကောင်းပေဘူးလား။ ခုတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်စရာတွေ ဖြစ်ကုန်ခဲ့ပြီ။ ရင်ကြားစေ့လို့ ပြန်အဆင်ပြေသွားခဲ့ရင်တောင် အဖုအထစ်တွေနဲ့။ Ronaldo လည်း Messi လိုတော့ ဂုဏ်ပြုခံထိုက်ပါတယ်လေ။

(photos from Argentina & Portugal Football pages)

Last Dance | Ecency