တခါတုန်းက တီး။

မိုးအေးအေးနဲ့ ရှေးဟောင်းနှောင်းဖြစ်ကို
ပြန်ပြောင်းတွေးမိသည်။ တွေးမိသည်ဆိုသည်ထက်
ကိုယ်တွေ၏ အဖြစ်အပျက်များကို ပြန်လှန်
စမ်းစစ်ဆေးကြောမိသည်။ ယခင် ယခု
ပြောင်းလဲခဲ့လေသည်။ ယခင်က ကိုယ့်ဘဝ
ဘာဆို ဘာမှ မတွေး မဝေခဲ့။ ပုံမှန်ဘဝမှာ
နေသာသလို နေခဲ့သည်။ ရှေ့ရေး၊ နောင်ရေး
မတွေးကာ လက်ရှိဘဝမှာ ပျော်သလို
နေလာသည်။

ဟိုစဉ်အချိန်တွေ ပြန်တမ်းတ မိတာတော့ မဟုတ်ပါ။
ဟိုစဉ်က ကိုယ်တွေ အစာကျယ်ခဲ့မိသလိုဖြစ်
ခဲ့သလားဟု တွေးမိယုံပါ။ မှန်ပါသည် ဟိုစဉ်က
ရုံးတက် ရုံးဆင်း သည်က ကိုယ့်ဘဝဟု
ပြောရမည်။ အပြင်လောက မှာဘာတွေဖြစ်သည်ကို
စိတ်မဝင်စားမိ။ ကိုယ့်ဘဝနဲ့ကိုယ် အဟုတ်ကြီး
ဖြစ်ခဲ့သည်။ မနက်မိုးလင်းသည်နှင့် အမချက်
ထားသည့် ထမင်းစားလျှင်စားသည်။ ထမင်း
မစားချင်ပါလျှင် ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊
ထပ်တရာ၊ ပလာတာအစရှိသဖြင့် တခုခုစား
သည်။ စားပြီးမှ ဖုန်းကလိသည်။

ဖုန်းကလိပြီး၍ ရေချိုးကာ ရုံးသွားဖို့ စီစဉ်သည်။
ကိုးနာရီ တစ့်ဆယ့်ငါးမှာ ရုံးသွားသည်။
ရုံးရောက်သည့်အခါ ရောက်ကြောင်း လက်မှတ်ထိုး
ပြီး ရုံးသူရုံးသားများဖြင့် ဘာကြောင်း ညာကြောင်ပြောကာ
ကော်ဖီသောက်သည်။ ထိုနောက်မှ
ရုံးကိစ္စများပြုလုပ်သည်။ နေ့လယ် ဆယ့်နှစ်နာရီ
ထိုးသည်နှင့် နေ့လယ်စာ စားရန် အိမ်သို့ ပြန်လာသည်။

ရုံးနှင့်အိမ်က နီး၍ နေ့လယ်စာကို အိမ်သို့
ပြန်စားသည်။ ‌ထမင်းစားပြီး၍ နေ့ လယ်
တစ်နာရီမှသာ ရုံးသို့ ပြန်သွားသည်။ နောင်သောအခါ
ရုံးမှာဖုန်းကိုင်ဖြေမည့်သူမရှိ၍
ရုံးသို့ ထမင်းဗူးယူလာကြရသည်။ နေ့လယ်
နှစ်နာရီရောက်သည့်အခါ လက်ဖက်ရည်သောက်ရန်
ရုံးပေါ်မှ ဆင်းကြပြန်သည်။

အဲ အဲ့မှာ ပြောချင်တာက အဲ ရေးချင်တာက။
ယခင်ထိုအချိန်က လက်ဖက်ရည်ဆိုပါရင်
ပူမှသာ ကျွန်တော်ကသောက်သည်။
အဲ လက်ဖက်ရည်ဟု ဆိုပါသော်လည်း
လက်ဖက်ရည်ကိုပင် မန်းမြို့တော်၊ မင်းသီဟ၊
စိန်မြင့်မိုရ် စသဖြင့် လက်ဘက်ရည်ဆိုင်ကြီးများမှ
လက်ဖက်ရည်ကိုသာ သောက်သည်။
လမ်းဘေး လက်ဖက်ရည်ဆိုင်များမှ လက်ဘက်ရည်ကို အစာကျယ်၍ မသောက်ပါ။ သို့ပေသိ
တချို့ လမ်းဘေးဆိုင်လေးများက လက်ဘက်ရည်
ကောင်းပါလျှင်မူ ခြွင်းချက်အနေဖြင့် သောက်သည်။

အင်း အဲ အဲသလို ဆိုပါတော့ဗျာ ထိုသို့အစာကျယ်
ခဲ့သော ကျွန်တော်သည် ယခုအခါမှာမူ။
လက်ဘက်ရည်ကို အေးသည် ပူသည် ဂရုမထား
တော့။ ချိုသည် ဖန်သည် ချေးမများအားတော့။
ဆိုင်ကြီး ဆိုင်လေး မရွေးနိုင်တော့ပေ။
လက်ဘက်ရည်ကိုပင် ပုံမှန်မသောက်နိူင်တော့ပေ။
လက်ဘက်ရည်နေ့စဉ် သောက်ခဲ့စဉ်က
ဘာမှ မဖြစ်ခဲ့သော်လည်း။ ယခုအခါ
လက်ဘက်ရည် အနည်းငယ်သောက်ပါလျှင်
‌တဂေ့ဂေ့ တ ဝေါ့ဝေါ့ဖြင့် လေထနေတတ်သည်။

လက်ဘက်ရည်နှင့် ကျွန်တော် ရန်သူဖြစ်လိုက်
ချစ်သူဖြစ်လိုက်ပေါ့ဗျာ။ အခုတော့ အမေ့က
လက်ဘက်ရည်နဲ့ ချစ်သူဖြစ်နေသည်။ မနက်
မိုးလင်းပါမူ အမေက အီကြာကွေးနှင့် လက်ဘက်ရည်
ကို သောက်သည်။ အမေက ထမင်းနှင့် အကြော်
အနည်းငယ်စားပြီးမှ လက်ဘက်ရည်ကို အချိုတည်သည့်
အနေဖြင့် စားသောက်သည်။ အမေ က
ဆီချိုရှိ၍ နေ့စဉ်တော့ လက်ဘက်ရည်မတိုက်ဖြစ်ပေ။

အမေကို လက်ဘက်ရည် မတိုက်ရသည့်ရက်နှင့်
အမေ ထမင်းစားမကောင်းသည့် ရက်မှာ
ပေါင်မုန့်နှင့် မုန့်အကြွပ်လေးများကြွေးရသည်။
အမေက သွားမရှိသော်လည်း အံကပ်တပ်ထားသည်။
ထိုကြောင့် အစာအမာများကိုစားနိုင်သည်။
အထူးသဖြင့် ကြွပ်ကြွပ်ဝါးစားရသော အစာ
များကို အမေက ပိုကြိုက်နှစ်သက်သည်။
ကျွန်တော်က လက်ဘက်ရည်နဲ့ ဝေးတဲ့အချိန်မှာ
အမေက လက်ဘက်ရည်နှင့် နီးကပ်လာသည်။

သို့ပေသိ ယခုကုန်ဈေးနှုန်းနှင့် အမေ့နှင့်
ကျွန်တော်တို့၏ ချစ်သူ ရန်သူ လက်ဘက်ရည်က
ဝေးသလိုလို နီးသလိုလိုဖြစ်နေရပါလေသည်။

@htwegyi
October 25, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center