နေ့တိုင်း ထမင်းကြော်

Words
145
Reading
1 min
Listen
Play
10M

အမငယ် အလုပ်ခရီး သွားနေ၏။ အိမ်မှာ ကလေးနှစ်ယောက်ရယ်၊ ကျနော်ရယ်၊ အမေရယ်သာ ရှိ၏။ အမ ခရီးသွားနေလို့ ထမင်းကို တယောက်စာ လျော့ချက်ရ၏။ လျော့ချက်မှ လျော့ချက်တိုင်း ထမင်းတွေ ပိုနေလေ့ ရှိ၏။ နေ့တိုင်းကို ထမင်းကြော် စားနေရ၏။

အိမ်မှာက ထမင်းကို သုံးနပ် စားပေမယ့် နှစ်ခါသာ ချက်၏။ မနက်အစော ထမင်းအိုး အမေ ခလုတ် နှိပ်၏။ မနက်စာနဲ့ နေ့လည်စာ အတွက် ဖြစ်၏။ မနက်စာ ဆိုတာထက် နေ့လည်စာအတွက်ဟု ပြောရင် ပိုမှန်လိမ့်မယ်။ အိမ်မှာက မနက်စာကို ထမင်းစားလေ့ မရှိပေ။ ကလေးတွေက အိုဗာတင်းနှင့် ပေါင်မုန့်စားကြ၏။ ငယ်ငယ် ကတည်းက အဲ့လိုပဲ စားလာတော့ အကျင့် ဖြစ်နေခဲ့ပြီ။ အမေက ကော်ဖီနှင့် ပေါင်မုန့်။

ကျနော်က ဆွမ်းထလောင်းပြီး ရှိသည့် မုန့်ကို အဆာပြေ စားပြီး 10 နာရီခွဲ၊ 11 နာရီလောက် နေမှ မနက်စာ နေ့လည်စာ ပေါင်းစားလေ့ ရှိ၏။ ဆိုတော့ကာ မနက်စာ ထမင်း သိပ်မစား ဖြစ်ကြပေ။ ထို့ကြောင့် နေ့လည်စာ အတွက်ပဲဟု ပြောရင်လည်း ရပေလိမ့်မည်။ မနက် အစော ထမင်းအိုး တည်ဖို့ကို ညဦးပိုင်း ကတည်းက ဆန်ကို ရေဆေးထား၏။ မနက်မှ နှိပ် ဆွမ်းလောင်း၊ နေ့လည်စာ စားပေါ့။

ညစ အတွက်ကိုတော့ ညနေဘက်မှာ ထမင်းအိုး တည်၏။ မီးအခြေအနေကို ကြည့်ပြီး စောချက်၊ နောက်ကျချက်သည့် အခါမျိုးတွေလည်း ရှိ၏။ ညဘက် ထမင်း ပိုရင် နောက်နေ့ မနက် သို့မဟုတ် နေ့လည်မှာ ထမင်းကြော် စား၏။ ခုက လျော့ချက်ပေမယ့် ထမင်းက ကျန်ကျန်နေတော့ နေ့တိုင်း လိုလို ကြော်စားနေရ၏။

ထမင်းကြော်ချည်း စားနေရတော့ မနေ့က မစားချင်နေတာနဲ့ ခေါက်ဆွဲပြုတ် စားလိုက်၏။ ထမင်းကြော်ကိုတော့ အမေပဲ စားလိုက်၏။ ထမင်းကြော်ကလည်း ချက်ပြီးသား ပူပူနွေးနွေး ထမင်းထက် ထမင်းကြမ်းနဲ့ ကြော်မှ စားကောင်းသည် မလား။ မနေ့ကတော့ ပဲထမင်းချက်လို့ ပိုနေသည့် ထမင်းကို ကြော်ထားခြင်း ဖြစ်လေ၏။

နေ့တိုင်း ထမင်းကြော် | Ecency