Keep Moving Forward

Words
140
Reading
1 min
Listen
Play
1h

ဒီရက်ပိုင်း ပင်ပန်းတယ်။ ဒီရက်ပိုင်းမှ မဟုတ်ပါဘူး။ လပိုင်းလောက် ရှိနေပါပြီ။ ပြောရရင် Futsal League စကတည်းကလို့ ပြောရမယ် ထင်ပါရဲ့။ အရင်လို အပျော်တန်း အသင်း မဟုတ်တော့ဘဲ ပြိုင်ပွဲဝင် အသင်း ဖြစ်နေသည်မို့ လုပ်ရမယ့် အရာတွေက များ၏။ လိုအပ်ချက်တွေလည်း ရှိ၏။ ငွေကြေးနှင့် လူအင်အား ကောပေါ့။ ငွေကြေးကတော့ ပိုလိုအပ်၏။ ကစားသမားက ရှာဖို့ လွယ်ပါ၏။

လွယ် ဆိုပေမဲ့ အသင်းစိတ် ရှိတဲ့သူမျိုး ရဖို့ကလည်း အရေးကြီး၏။ တည်းခိုခန်းက ဧည့်သည်တွေလို ခရီးတထောက် နားပြီး ထွက်သွားမယ့်သူမျိုး ဆိုရင် အဆင်မပြေပေ။ အသင်းပြောင်းတာက သဘာဝပဲ ဆိုပေမဲ့ အသင်းကို လှေကား အဖြစ် အသုံးပြုပြီး နင်းတက်သွားမယ့် ကစားသမားမျိုး မလိုချင်ပေ။ အသင်းမှာ အချိန်တခုလောက် ရှိနေပေးပြီး ထိုက်သင့်သလောက် ပေးဆပ် ကစားပြီးမှ အသင်းပြောင်းတာမျိုး ဖြစ်ဖြစ်ပေါ့။

တွေ့မိသလောက် ခု ကလေး အများစုက စွဲစွဲမြဲမြဲ လေးလေးနက်နက် သိပ်မရှိလှပေ။ Serious အဆင့်ထိ ရောက်ဖို့ မပြောနဲ့ ဘာတော့ ဖြစ်သင့်၊ လုပ်သင့်တယ်ဆိုတာကို သူတို့ မတွေးကြပေ။ အသင်း ချစ်စိတ်ဆိုတာက ရော့အင့်ဆိုပြီး ပေးလိုက်လို့ မရပေ။ ကိုယ်တိုင် အတွင်းစိတ်ကနေ ဖြစ်တည် ပေါက်ဖွားလာတာမျိုး မဟုတ်လား။

SFL လည်း ပကျော့ပြီးတော့မယ်။ လာမယ့် စနေနေ့ဆို ပကျော့ပြီးပြီ။ ၁၀ ရက် သို့မဟုတ် ၁၅ ရက်လောက် နေပြီးရင် ဒုကျော့ ပြန်စပေလိမ့်မည်။ အဆိုပါ နားနေသည့်ရက်အတွင်း ကစားသမား အပြောင်းအလဲတွေ လုပ်ကြပေလိမ့်မည်။ ကျနော်တို့လည်း လုပ်ရပေလိမ့်မည်။ အချို့တွေ အသင်း ပြောင်းမှာမို့ ကစားသမား ဖြည့်တင်းမှုက မဖြစ်မနေကို လုပ်ဆောင်ရမည် ဖြစ်၏။

အသင်းနဲ့ နှုတ်အားဖြင့် ပူးပေါင်းမယ့် ကစားသမားအချို့ အသင်း ပြောင်းကြမည် ပြောနေ၏။ အေးလေ နှုတ်ကတိဆိုမှတော့ စာချုပ် စာတမ်းမှ မဟုတ်တာ။ ပရိုအသင်းလည်း မဟုတ်သေးတော့ လစာ စာချုပ်တွေနဲ့ မသွား၊ မလုပ်နိုင်သေးပေ။ ဒါကို အရင် ပြင်နိုင်ဖို့ လုပ်ရပေလိမ့်မည်။

Keep Moving Forward | Ecency