ငယ်စဉ်က အငြိမ့်ကြည့်သည့်အခါဝယ် လူရွှင်တော်များက
ပျက်လုံး ပျက်ကြသည်။ လူရွှင်တော်က
မင်းသမီး ကိုပြောခိုင်းသည်။
"လိမ္မာတဲ့ ရှဉ့် နဲ့၊ အရမ်းဆော့တဲ့ မျောက် အဲ့
နှစ်ကောင်မှာ ဘယ်အကောင်ကို ချစ်သလဲ"
ဟု မေးရာ။
မင်းသမီးက
" ရှဉ့်ကို ချစ်တယ် "ဟု ပြောရာ လူရွှင်တော်က
သဘောတွေကျသလို သရုပ်ဆောင်ပြသည်။
ကိုယ်တွေလည်း ငယ်စဉ်က သဘောကျခဲ့သည်။
ယခုတော့ အဲ့ ရှဉ့်ကို သဘောမကျတော့ပေ။
ရှဉ့်ဆိုသည့်ကောင်က တာယာပွကြီးပြောသလို
ကောင်းကင်ကြွက်ဖြစ်ပေသည်။ မြေကြီးမှာ
ကြွက်များက အကုန်ကိုက်သည်။ ရှဉ့်များကလည်း
သစ်ပင်နှင့် အိမ်အတွင်းသို့ပင် ဝင်ရောက်ကိုက်
ဖျက်သည်။
ရှဉ့်သည်က သရက်သီးပေါ်ချိန်မှာလည်း မောင်းရ၊
ခြောက်ရသည်။ အခြားသောသီးနှံပင်များကိုလည်း
ကိုက်စားကာဖျက်စီးသည်။ ဗာဒံပင်မှ ဗာဒံသီးများလည်း
ရှဉ့်စား၍ အသီးကောင်းစွာမမြင်ရပေ။ အဆိုးဆုံးက
အိမ်အတွင်းသို့ဝင်လာကာ အိမ်၏ ထုတ်တန်းများရှိ
သစ်သားပိုးမွှားများကို ကိုက်ယူစားခြင်းပင်ဖြစ်သည်။
မနေ့က အိမ်ကြမ်းပြင်မှာ သစ်သားစများတွေ့၍
ဘာတွေလည်းဟု ညီမဖြစ်သူကပြောသည်။ မိုးရွာ
ထားသဖြင့် ရာသီဥတုကလည်း စိုထိုင်းသည်။
ဒီတော့ အနှီးရှဉ့်က သစ်သားပိုးမွှားများကို ကိုက်ဖျက်
စားသောက်ထားသည်။
အိမ်၏ ထုတ်တန်းမှ သစ်သားတွင် ရှဉ့်ကိုက်ထားသော
အရာ၊ အစင်းကြောင်းကို မြင်တွေ့ရသည်။
ကျွန်တော် အိမ်ရာပေါ်တွင်လည်း ရှဉ့်ကိုက်ထားသော
ဗာဒံသီးတခြမ်းပဲ့နှင့် အစအနများကို တွေ့ရပြန်သည်။
သစ်ပင်မှ အသီးအနှံများကို ကိုက်သည်က ပြဿနာ
မရှိပေ။ အိမ်၏ ထုတ်တန်း သစ်သားများကို ကိုက်သည်
က ပြဿနာဖြစ်ပေသည်။ ထိုကြောင့် အိမ်အတွင်း
ဝင်ရောက်လာသော ရှဉ့်များကို ခြောက်လန့် မောင်း
ထုတ်ရပေသည်။
ဝင်းထရံနှင့် ခြံဝင်းတံခါးပေါ်မှာရှိသော ခင်လေးဆတ်ဆတ်တုန်
အပွင့်များကို ရှဉ့်က ကိုက်စားသည်။
ခင်လေးဆတ်ဆတ်တုန်အပွင့်များကို စားနေသော
ရှဉ့်အား သေချာစွာကြည့်၍ ဘာကိုစားသလဲဟု
စပ်စုမိသည်။ ရှဉ့်သည် အပွင့်ကို မစားပဲ အပွင့်နှင့်
ကပ်လျှက် ရိုးတံကို ကိုက်စားခြင်းဖြစ်သည်။
ခင်လေးဆတ်ဆတ်တုန်၏ အရွက်များက ကြမ်းရှရှ
ဖြစ်သည်။ မာလကာရွက်နှင့် ဆင်တူသည်။ မာလကာ
ရွက်က နူးညံ့သည် မွှေးသည်။ အပွင့်များကို ခုန်ခူး
လိုက်၊ တွဲလောင်ဖြင့် ခူး၍ စားလိုက် အမျိုးမျိုး
ပြုလုပ်နေသော ရှဉ့်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီး
မျက်စိနောက်၍ မောင်းထုတ်လိုက်ရသည်။
@htwegyi
September 30, 2026