UEFA Nations League ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားနေပါတယ်။ လိဂ်ပွဲစဉ်တွေ အနေနဲ့ October 10 ရက်နေ့မှ ပြန်လည်လို့ ကစားမှာ ဖြစ်ပါတယ်။ ဒီကြားထဲ နိုင်ငံအသင်း ပွဲစဉ်တွေကိုပဲ ကြည့်ရှု အားပေးရမှာ ဖြစ်ပါတယ်။ Nations League Group 3 မှာ အဖွင့်ပွဲစဉ် Spain ကို ရှုံးခဲ့တဲ့ England တို့ Czechia ကို ၀-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ၄၇ နှင့် ၆၉ မိနစ်တို့မှာ ဂိုးတွေ သွင်းယူသွားခဲ့တာပါ။
၂၃ မိနစ်မှာ အိမ်ရှင် Czechia ကစားသမား တိုက်ရိုက် အနီကဒ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး နောက်မှာ ပွဲက England အတွက် ဖြစ်သွားခဲ့ပါပြီ။ Spain ကို အိမ်ကွင်းမှာ ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့မှုကို သူတို့ ယခုပွဲစဉ်မှာ ချေဖျက် ပြနိုင်ခဲ့ပါပြီ။ ဒီအုပ်စုမှာ England သတိထားရဦးမယ့်အသင်းက Croatia ဖြစ်ပါတယ်။ Croatia အနေနဲ့ အဖွင့်ပွဲစဉ်မှာ Czechia ကို အနိုင်ရခဲ့ပေမဲ့ ဒုတိယ ပွဲစဉ်မှာတော့ Spain ကို ၄-၁ ဖြင့် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ်။
Group 1 ကိုတော့ France က ဦးဆောင်ထားပါတယ်။ ၂ ပွဲ ကစားပြီး ၂ ပွဲ အနိုင်ရထားပါတယ်။ ၂ ပွဲလုံး ၁ ဂိုးအသာနဲ့ ကပ် အနိုင်ရခဲ့တာလို့ ဆိုရမှာပါ။ ဘယ်လို နိုင်နိုင်ပေါ့။ အဓိကက ၃ မှတ်ရဖို့ပဲ မလား။ Turkiye ကို ၀-၁ Belgium ကို ၀-၁ တို့နဲ့ အနိုင်ရခဲ့တာပါ။ Turkiye အနေနဲ့ Italy ကို ၁-၄ နဲ့ ရှုံးနိမ့်ထားတာမို့ ၂ ပွဲကစား ၂ ပွဲ ရှုံး အနေအထားပါ။ Italy အနေနဲ့ ယခုပွဲစဉ် ဂိုးပြတ် အနိုင်ရထားပေမဲ့ အဖွင့်ပွဲစဉ်မှာ Belgium ကို ၀-၂ ဖြင့် ရှုံးနိမ့်ထားပါတယ်။
Nations League B,C,D တွေအထိတော့ မဆင်းနေတော့ပါဘူး။ 3 idiots ထဲက Virus ကြီး ပြောသလို လူတွေက ပထမတွေကိုပဲ မှတ်မိကြတာမလား။ ကိုယ့် နိုင်ငံအသင်း ပါဝင်ယှဉ်ပြိုင်နေရင်တော့ တမျိုးပေါ့။ နိုင်ငံအသင်း ဆိုလို့ Myanmar အနေနဲ့ တနေ့က Cambodia အသင်းကို ၀-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ယခင်က ဘယ်အချိန် ကစားကစား နိုင်နေကြ အသင်းကို ခုချိန်မှာ ခက်ခက်ခဲခဲ ကစားနေရပါပြီ။ ငယ်နိုင်လို့ ပြောမရတော့ပါဘူး။
ငယ်နိုင်တွေက ခုနောက်ပိုင်း ကိုယ်တွေကို ပြန်နိုင်နေပါပြီ သူတို့က တိုးတက် ကောင်းမွန်လာပေမဲ့ ကျနော်တို့က နောက်ကျ ကျန်နေခဲ့ပါပြီ။ အားကစားနဲ့ နိုင်ငံရေး မဆိုင်ဘူးလို့ တချို့က ပြောကောင်း ပြောကြပေလိမ့်မည်။ နိုင်ငံ တည်ငြိမ် အေးချမ်းနေမှ အားကစားလည်း မြင့်တက်မည် မဟုတ်လား။
(photos from UEFA page)