တနေ့က ရေးခဲ့သော ငှက်သိုက်အကြောင်း
ဆက်ရေးပါအုံးမည်။ ငှက်သိုက်ကို အိမ်ရှေ့ရှိ
တီဗီအင်တာနာပေါ်မှာ လာ၍ဆောက်ထားသည်။
ငှက်မက ဥ၍ဝပ်ကာ ငှက်ပေါက်လေးတကောင်
ပေါက်သည်။
ထိုငှက်ပေါက်လေးအား အတောင်စုံ၍ ပျံသန်း
နိုင်အောင် မိခင်ငှက်မနှင့် ငှက်ဖတို့က
တယာက်တလှည့်စီ အစာချီ၍ လာကျွေးသည်။
ငှက်ကလေးက ငှက် ဖေမေ လာကျွေးသည့်အခါ
အသံတကျိကျိပေး၏။
ထိုအသံကို အိမ်မှ ကြောင်က ကြားသောအခါ
ငှက်သိုက်ပေါ်တက်၍ စားမည်ပြုသည်။
ထိုကြောင့် ကြောင်ကို မစားအောင်
မောင်းရ ခြောက်ရသည်။ ကြောင်က တခါသာ
ခြောင်ရသည် နောက်အခါ ထိုအနီးသို့
မသွားတော့ပေ။
ဒီလိုနဲ့ ငှက်ပေါက်က အတောင်လေးများ ထွက်လာသည်။
အတောင်ထွက်စ ငှက်ပေါက်က ပျံသန်း
ဖို့ အားယူသည်။ အပျံသင်လေသည်။ အပျံ
သင် ငှက်ပေါက်က ဝေးဝေးသို့မပျံနိုင်။
အမြင့်မှ အနိမ့်သို့ ပျံသည်။ အနိမ့်မှ အမြင့်သို့
မြင့်စွာ မပျံသန်းနိုင်သေး။
အပျံသင်ငှက်ပေါက်အား ငှက်ဖေ ငှက်မေက
ဘေးမှ လိုက်ပါသည်။ တနေ့က ငှက်ပေါက်က
ပျံသန်းရင် သူ့အသိုက်နှင့် ဝေးရာ ခြံနောက်သို့
ရောက်သွာသည်။ ထိုအခါ အိမ်မှ ကြောင်ကို
မမြင်အောင် ပြုရသည်။ ငှက်ပေါက် အိမ်နောက်မှာ
ရှိစဉ် ကြောင်ကို အိမ်ရှေ့သို့ ပို့ထားရသည်။
ညအချိန်ရောက်တော့ ငှက်ပေါက်ကို ယူ၍
သူ့အသိုက်မှာ ပြန်ထားလိုက်သည်။ နောင်တနေ့
မှာလည်း ငှက်ပေါက်က ပျံသန်းဖို့ သင်ယူပြန်
သည်။ ထိုအခါတော့ သူ့ငှက်သိုက်ရှိရာသို့
ပြန်မပို့တော့ပေ။ သရက်ပင်ကိုင်းပေါ်မှာ
ခိုနား၍ ညအိပ်သည်။
ထိုနေရာသို့လည်း ကြောင်က မြင်သည်။
ကြောင်ကို တဖန်မောင်းထုတ်ရပြန်သည်။
ညနေအချိန်မှ မှောင်လာသည်အထိ ကြောင်ကို
ငှက်ပေါက်အနား မလာစေရန် မောင်းရသည်က
ထိုညနေအဖို့ အလုပ်တခုဖြစ်သည်။ ညအချိန်
ရောင်တော့ ကမ္မသကာပြုရတော့သည်။
ကိုယ်တွေအိပ်ချိန်မှာ ငှက်ပေါက်အား ကြောင်များ
စားမလာဟု စိတ်အတွေးဖြင့် ညက ကောင်းစွာ
အိပ်မရပေ။ မနက်မိုးလင်း ငှက်သံတို့တစီစီ
တကျိကျိ ကြားသည့်အခါ အိပ်ရာမှ ထ၍
ငှက်ပေါက်ရှိသေးလား သွားကြည့်မိသည်။
မျက်နှာပင် မသစ်မီပေ။
တော်သေး ငှက်ပေါက်လေးရှိသေးသည်။
သူ့အမေ အဖေ ငှက်နှစ်ကောင်ကလည်း သူ့အနီး
ရစ်ဝဲ၍ ပျံသန်းနေသည်။ သို့နှင့် ဘေးတအိမ်
ကျော်မှ မင်္ဂလာပြုလုပ်၍ ထိုသို့သွားရသည်။
ပြန်လာသည့်အခါမှာတော့ ငှက်ပေါက်လေးကို
ကြောင်ကချီသွားပြီဟု ပြောသည်။
ငှက်ပေါက်လေးသည် အပျံသင်နေရင်း
ကြောင်အနီးရောက်သွားသည်။ ထိုအချိန်
အိမ်မှ လူများလည်း ထမင်းစားနေကြသည်ဟု
ပြောသည်။ ကြောင်ပါးစပ်သို့ရောက်သွားသော
ငှက်ပေါက် အား လိုက်လံမောင်းသော်လည်း
မရတော့ဟုပြောသည်။ အင်း ပါးစပ်ပေါက်
ရောက်မှတော့ မောင်း၍ ခြောက်၍ အဘယ်မှာ
ရနိုင်တော့ပါ့မလဲလေ။ သဗ္ဗေသတ္တာ ကမ္မသကာ
ဟူ၍သာ။
@htwegyi
31-3-2023