ဘာတွေ လွဲနေလဲ။ ဘာလုပ် သင့်လဲ။ အမြဲတမ်း မအောင်မြင်နိုင်နေဘူး ဆိုတာ သိပေမဲ့ ဒီလောက်ထိ ဆိုးသွားဖို့လည်း မဖြစ်သင့်ဘူး ထင်ပါရဲ့။ ခိုင်မာ သေချာတဲ့ စနစ်တခုသာ ရှိခဲ့ရင် ဒီလောက်ထိ ပြိုလဲသွားစရာ အကြောင်း မရှိနိုင်ပေ။ ဒီတပတ်လည်း United တို့ နိုင်ပွဲ မရပေ။ Fulham နဲ့ အဝေးကွင်းမှာ ၁-၁ သရေကျခဲ့၏။ ၂ ဂိုးလုံးကို United ကပဲ သွင်း၏။ ၆၃ မိနစ်မှာ Martinez ၏ OG ဂိုးဖြင့် Fulham တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့၏။ ၈၉ မိနစ်ရောက်မှ Cunha က ချေပဂိုး သွင်းယူနိုင်ခဲ့၏။
ကစားသမားတွေကိုတောင် သံသယ ဝင်လာမိ၏။ နည်းပြ ပြောင်းခါစဆို ကစားပုံကောင်းပြီး နည်းပြက နည်းနည်းကြာပြီဆို ကစားပုံတွေက ဘာတွေ ဘယ်လို ဖြစ်ကုန်ကြသည် မသိပေ။ ၅ ပွဲ ကစားပြီး ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲ ရှုံး ဆိုတာကြီးက အသင်းကြီး တသင်း အနေဖြင့် လုံးဝ မဖြစ်သင့်ပေ။ အင်း United ကလည်း အသင်းကြီးမှ မဟုတ်တော့တာ။ Sir Alex အလွန်မှာ အသင်းက အဆိပ်မရှိတော့ပေ။ United DNA ဆိုတာ ဘယ်က ပြန်ရှာရမယ်ကို မသိတော့ပေ။
Sir Alex ထွက်ခွာ သွားပြီးနောက် ကျန်ရစ်ခဲ့သည့် လူစာရင်းက သိပ်အကောင်းကြီး မဟုတ်ပေ။ တကယ်က လူထက်စာရင် စနစ်က အရေးကြီး၏။ စနစ်သာကောင်းရင် ဘာမှ ပူစရာ မလိုပေ။ စနစ်ကောင်းရဖို့ လူတော်၊ လူကောင်းတွေ အရင် စုမိဖို့လည်း လို၏။ စနစ်နဲ့ လူက ကြက်ဥနဲ့ ကြက်မလို မရှုပ်ထွေးနေပေ။ အသင်း၏ ထိပ်ပိုင်းအဖွဲ့က တလွဲတွေ လုပ်ကြလို့ အဆိုပါ အကျိုးဆက်ကို ခံနေရသည်ဟု ပြောရမည်။ နည်းပြတွေ တယောက်ပြီး တယောက် ပြောင်းခဲ့ပေမဲ့ အသင်းကတော့ ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိပေ။
UCL ကစားရမယ့်အသင်း အနေနဲ့ လူအင်အား ဖြည့်တင်းမှုက အားရစရာ မဖြစ်နေခဲ့ပေ။ အထူးသဖြင့် နောက်တန်း နေရာပေါ့။ Michael Carrick အနေဖြင့် ကစားဟန် ကစားပုံ တခု တည်ဆောက်ချင်နေတာကို မြင်မိပေမဲ့ တခါတလေ ဘာဖြစ်ချင်နေမှန်း မသိပေ။ သူ ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေသည့်အခါမျိုး ရှိနေပြန်သေး၏။ မခက်ဘူးလား ကွယ်ရို့။
ဒီအတိုင်းသာ ဆိုရင် Carrick လည်း ရှည်ကြာမယ်မထင်။ နိုင်သင့်သည့်ပွဲတွေကို နိုင်ထားမှ တော်ကာကြမည်မလား။ ကစားပုံ ကောင်းလွန်းနေတာမျိုး မတွေ့ရတောင် အသင့်အတင့် အနေအထားကို ထိန်းထားနိုင်ဖို့တော့ လိုပေလိမ့်မည်။ ခုက တနေ့ ရွှေ တနေ့ ငွေ မဟုတ်ဘဲ ကြက်ကြော် တလှည့် ပဲလှော် တလှည့် ဖြစ်နေခဲ့၏။ နည်းပြ ပြောင်းလိုက်တာက အဖြေ မဟုတ်ဘူး ဆိုပေမဲ့ ရလဒ်ပိုင်း မကောင်းရင်တော့ အပြောင်းအလဲ လုပ်ရမှာပါပဲ။ ရလဒ်ပိုင်း ကောင်းမွန်စေရန် ဘုတ်အဖွဲ့ အနေနဲ့ နည်းပြအဖွဲ့ကို လိုအပ်နေတာတွေ ထောက်ပံ့ပေးနိုင်ဖို့ လိုမည် ဖြစ်၏။
(photos from EPL page)