မနေ့က တူမဖြစ်သူ ဆိုင်ကယ်နောက် လိုက်ပါကာ
ဈေးသို့လိုက်ခဲ့သည်။ ကိုယ်တွေက ဆိုင်ကယ်
လိုင်စင်ရှိပြီး ဆိုင်ကယ်မစီးသော ဂြိုလ်သား
တစ်ယောက်ဖြစ်သည်။ ဆိုင်ကယ်မစီးတာ
ကြာသောအခါ ဆိုင်ကယ်ကို မစီးရဲတော့ပေ။
မြို့ပြရဲ့လမ်းမထက် များပြားလာသော
ယာဉ်များကြား ဆိုင်ကယ်မစီးရဲတော့ပေ။
ဆိုင်ကယ် ကိစ္ခ ခဏထားပြီး ဈေးသွားသည့်
အကြောင်းဆက်ကျစို့။ ဈေးရှေ့အနီးတွင်
ဆိုင်ကယ် သော့ခတ်ထားခဲ့သည်။
တူဝရီးနှစ်ယောက် ဈေးအတွင်းကဝင်ကာ
အမ မှာသည့် နာနတ်သီးဝယ်ကြသည်။
သင်္ဘောသီးများ ဝါဝင်းနေသည်ကို မြင်၍
တစ်လုံး ငါးရာဖြင့် ဝယ်ခဲ့သည်။
နာနတ်သီးသေးသေးလေးများက
လေးလုံးတစ်ထောင်ဖြင့် ဝယ်ခဲ့သည်။
နာနတ်သီးသည်မှာ နာနတ်သီး အခွံ
ခွာပေးစဉ် ဘေးနားမှ ပုရစ်ရောင်းသည့်
ဈေးသည်ကို တွေ့သည်။ တူမက ပုရစ်
ဝယ်အုံးမည် ဆိုကာ ပုရစ်ရွေးနေရစ်သည်။
ဈေးအတွင်း၌ ဆိုင်ကယ်တစ်စီး ခိုးခံရသည်ဟု
ပြောဆိုသံကြား၍ ကျွန်တော်က ဆိုင်ကယ်ရှိရာပြန်လာခဲ့သည်။
တူမဝယ်သည့် ပုရစ်များက ကျွန်တော်တို့
ငယ်စဉ်က ပုရစ်များလောက် မကြီးပေ။
ငယ်စဉ်က ကုလားပုရစ်လေးများဟု
ခေါ်သည့် အရွယ်သာသာရှိသည်။
ငယ်စဉ် ပုရစ်ဖမ်းသည့်အခါ အဖေက
မကြိုက်ပေ။ သူများအသားနာသလို
ကိုယ့်အသားနားသည်ဆိုကာ ပုရစ်ဖမ်းသည့်
ကျွန်တော်တို့ မောင်နှမတစု၏ ဗိုက်ခေါက်ကို
အဖေက လိမ်ဆွဲတတ်သည်။
အဖေ မရှိသည့်အချိန် မောင်နှမတတွေ
ပုရစ်ခိုးဖမ်းကြသည်။ ညနေ မှောင်ရီရီ
လမ်းဓာတ်မီးတိုင်အောက် ပျံနေသည့်
ပုရစ်များကို လိုက်လံဖမ်းကြသည်။
ပုရစ်ဖမ်းသည့်အခါ အဝတ်ကလေး
တစ်ထည်ဖြင့် ပုရစ်ကိုအုပ်ပြီးဖမ်းကာ
ရေထဲ့ထားသည့် ဒန်ချိုင့် အတွင်းထည့်လိုက်သည်။
ပုရစ်ဖမ်းတာ ကြောက်ကကြောက်သေး။
ပုရစ်တွင်းကလေးများအတွင်း ရေလောင်း
ထဲ့ကာ ပုရစ်ထွက်လာသည့်အခါ ဖမ်းကြသည်။
ယခုအခါမှာတော့ ပုရစ်ကို ဆေးချပြီး
ဖမ်းကြသည်ဟု ကြားသိရသည်။
မြေတွင်းအောင်းသားများကို ရောဂါအခံ
ရှိသူများ မစားသင့်ဟု ရှေးလူကြီးများ
ပြောသည်။ ကျွန်တော်လည် မျက်စိကြောင့်
ပုရစ်ကို မစားရဲပေ။ ကြက်သွန်ဖြူ၊ ဂျင်း၊
မဆလာဖြင့်ကြော်ထားသည့် ပုရစ်ကြော်များက
စားချင်စဖွယ် ဖိတ်ခေါ်နေတော့သည်။
@htwegyi
7-6-2021