ကိုဟင် က သူ့ငယ်ဘဝ အကြောင်းရေးပြတော့
ငထွေးလည်း ငယ်ဘဝက အကြောင်းလေးတွေ
ရေးပြပါအုံးမည်။ ဟိုယခင် ပိုစ့်များတုန်းက
ငယ်ဘဝအကြောင်း ရေးသားထားပြီးဖြစ်သည်။
ယခုရေးမှာက ကျန်ရှိနေသည့် အကြောင်းအရာ
အချို့ကို ရေးသားပြချင်ပါသည်။
ငထွေးငယ်စဉ်က အကြောင်းအရာများက
များပြားလှပေသည်။ ငထွေးတို့နေသည့်
ဝန်ထမ်းအိမ်ခန်းများနှင့် မန္တလေးဘူတာကြီး
မှာ နှစ်ပြကျော်ကွာဝေးသည်။ ရထားသံလမ်း
အတိုင်း ဘူတာကြီးကို လှမ်းမျှော် ကြည့်လိုက်လျှင်
ဘူတာကြီးမှ မည်သူမည်ဝါလာသည်ကို
သိရှိရသည်။ ဒါက ကလေးဘဝ မျက်စိ
အားကောင်းစဉ် အချိန်အခါက မြင်တွေ့ရစဉ်
ဖြစ်သည်။
ယခုအသက်အရွယ်မှာတော့ 10လှမ်းကျော်မှ
လူကိုပင် ဘယ်သူ ဘယ်ဝါဟု မသိမြင်နိုင်တော့ပါ။
ငယ်စဉ်က ဘူတာကြီးမှာ ရေနွေးရောင်းစဉ်
ရှိသမျှ ကာတွန်း၊ ရွှေသွေးစာစောင်နှင့် တေဇ
ရုပ်စုံများကို သဲသဲမဲမဲ ဖတ်ရှု့ခဲ့သည်။
အသက်အရွယ်လေးရလာတော့လည်း
ဝတ္ထုစာအုပ်များကို ဇွဲကြီးစွာ ဖတ်ခဲ့ပြန်သည်။
စာတွေသဲသဲမဲမဲ ဖတ်ရှု့ခဲ့၍ ရေနွေးရောင်းထားသည့်
ရေနွေးကရားအိုးကို မေ့သည်မှာ အကြိမ်ကြိမ်ပင်။
ရေနွေးဝယ်သောက်သူ ခရီးသည်များက သူတို့စီးမည့်
ရထားတွဲ တွဲထိုးလာသည့်အခါ ငထွေးရေနွေးအိုးအား
ထားခဲ့သူရှိသလို ယူသွားသူများလည်းရှိသည်။
ရေနွေးအိုးပါသွားနေ့က ငထွေးအဖို့ကံမကောင်းသည့်နေ့ပင်။ ရေနွေးအိုးပျောက်သော်လည်း
အမေက ငထွေးကို ဆူငေါက်ခြင်းမရှိပါ။
နောက်တခါ သတိထားဟုသာ ပြောပါသည်။
သို့သော် ကိုယ့်စိတ်မှာ ပျောက်သွားသည့်
ရေနွေးအိုးလေးကို နှမြောစိတ်ဖြစ်မိသည်။
ငထွေးတို့ငယ်စဉ်က လေးပေချောင်း၊ နှစ်ပေချောင်း
မီးချောင်းများ မထွန်းနိုင်ပါ။ 60 watt, 100watt
မီးလုံးများဖြင့်သာ စာဖတ်ခဲ့ရသည်။ တခါတရံ
စာအုပ်ဖတ်ကောင်းနေစဉ် မီးပျက်သွား၍
ဖယောင်းတိုင်ဖြင့် စာအုပ်ကို သဲကြီးမဲကြီး
ဖတ်ခဲ့သူသည်။ ထိုသို့ စာဖတ်အားကောင်းခဲ့
သည်မှာ ငထွေးတို့ မီးရထားဝင်း၏အရှေ့ဘက်ရှိ
ဟေမာဇလရပ်ကွက် မီးအကြီးအကျယ်လောင်း
သည်ကိုပင် သတိမထားနိုင်ခဲ့ပေ။
ထိုသို့စာများဖတ်သည့်အပြင် ဗီဒီယိုစက်များ၊
ဒီဗွီဒီစက်များပေါ်ပေါက်လာ၍ မျက်စိမှာ
အအားမနေရပေ။ ထိုနောက်တဖန် ဖုန်းဆိုသည့် ပွတ်၍ကြည့်ရသည့် လက်ဖဝါးသာသာ
အရာလေးကြောင့် မျက်စိခများ ပိုပြီးအလုပ်များစွာ လုပ်ရရှာပါတော့သည်။ ထိုကြောင့် မျက်စိကို
တတ်နိုင်သမျှ အနားနေရအောင်၊
အနားပေးရအောင် ငထွေးတို့ ကြိုးစား
ကြရပါဦးမည်။