Ronaldo အကြောင်းပဲ လူပြောများနေကြလို့ ထင်ပါရဲ့ England ကလည်း ငါတို့ အကြောင်း ပြောပါဦးဆိုပြီး ဒီနေ့ မနက် အစောပိုင်း Croatia နဲ့ အဝေးကွင်း ပွဲစဉ်မှာ ဂိုးပြတ်သွင်းပြလေ၏။ အိမ်ရှင် Croatia အနေဖြင့် ၁ ဂိုးမှ ပြန်လည်လို့ သွင်းယူနိုင်ခြင်း မရှိဘဲ ၀-၇ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ ယခုလောက်ထိ ဂိုးပြတ်သွားလိမ့်မယ်လို ပရိတ်သတ်တွေမှ မပြောနဲ့ အိမ်ရှင် Croatia တောင် မျှော်လင့်ထားမည် မဟုတ်ပေ။
ပွဲစပြီး ၈ မိနစ် အကြာမှာတင် ဧည့်သည် England အသင်းအတွက် ဦးဆောင်ဂိုးကို Harry Kane က သွင်းယူပေးခဲ့၏။ ပထမပိုင်းမှာတင် England တို့ ၄ ဂိုးထိ သွင်းယူထားခဲ့၏။ Croatia တို့ အနေဖြင့် မယ်မယ်ရရ ထိုးဖောက်ခွင့်မရခဲ့ပေ။ အထူးသဖြင့် Croatia နောက်တန်းက အတော်ကို ဆိုးရွားလို့နေခဲ့၏။ ထို့ပြင် ယခင်က မာကျောတောင့်တင်းခဲ့သည့် ကွင်းလယ်သည်လည်း ယခုအချိန်မှာ လျော့ရဲလို့ နေခဲ့ပြီ။ Modric အလွန် Croatia ကွင်းလယ်ကို မည်သူ ဦးဆောင်မည်နည်း။ Modric နေရာကို အစားထိုးဖို့ရာ သူတို့ မည်သို့ စီစဉ်ကြမည်နည်း။
Modric သည်လည်း Croatia ၏ Ronaldo ဟု ပြောလို့ရမည် ထင်ပါရဲ့။ အသင်းကိုချစ်ပြီး ဦးဆောင်ပေးခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ၂၀၀၆ ကတည်းက လက်ရွေးစဉ်အသင်းမှာ စတင် ကစားခဲ့တာ ဆိုတော့ နှစ်ပေါင်း ၂၀ နီးပါး ရှိနေပြီ ဖြစ်၏။ မတူတာက Croatia က Modric ကို တလေးတစား ရှိပြီး Portugal ကတော့ Ronaldo အပေါ် လွန်လှသည်ဟု ခံစားရ၏။ နည်းပြ Jorge Jesus ၏ အပြောအဆို လုပ်ရပ်တွေက လူကြီး လူကောင်း မဆန်ပေ။
Ronaldo အသက်အရွယ်ကြီးနေပြီ ဆိုရင် စကတည်းက မခေါ်နဲ့ပေါ့။ ပွဲချိန်ပြည့် မဟုတ်ဘူး မိနစ်ပိုင်းပဲ သုံးမယ် ဆိုရင်လည်း အဆိုပါ ကတိကို တည်ပေါ့။ အသက်ကြီးနေပြီဆိုပေမဲ့ ကစားနိုင်နေသေးတာရယ် ပြီး မာန်မာန ရှိသည့် ကစားသမားဆိုတော့ သူ့ ခေါ်ထားပြီး ထည့်မသုံးတော့ သူ့ အနေနဲ့လည်း ဆက်နေစရာ အကြောင်းမရှိလို့ တွေးမပေါ့။ နောက်ထပ် ရုပ်ပေါက်တာက Denmark နဲ့ ပွဲမှာ ယခင် နံပတ် ၁၇ ဝတ်နေကြ Rafael Leao ကို နံပတ် ၇ ဝတ်ဆင်ကစားစေခြင်း ဖြစ်၏။ ဒါကြီးကတော့ အတော်လေးလွန်၏။
နှစ်ကာလများစွာ အသင်းအတွက် ပေးဆပ်ခဲ့သူကို ခုလိုပုံစံမျိုးနဲ့ မတုန့်ပြန်သင့်ပေ။ သူ့လက်ထက် သူ့ဦးဆောင်မှုကနေ Portugal အသင်းအနေဖြင့် အောင်မြင်မှုတွေ ရယူနိုင်ခဲ့သည် မဟုတ်လား။ ၂၀၀၃ ကနေစလို့ နှစ်ပေါင်း ၂၀ ကျော် အသင်းအတွက် အပြည့်အဝ ပေးဆပ်ခဲ့သူကို ခုလို ဆက်ဆံလိုက်ကြပုံက အတော်လေး ကျေးဇူးကန်းသည့် လုပ်ရပ်ပင်။ ထို့ကြောင့် ပွဲအဖြေ ရလဒ်တွေထက် Ronaldo ၏ ကိစ္စရပ်ကို လူတွေ ပို၍ စိတ်ဝင်စား စောင့်ကြည့်နေကြခြင်း ဖြစ်၏။
England အနိုင်ရခဲ့သလို Spain ကလည်း Czechia ကို ၃-၁ ဖြင့် အနိုင်ရကာ ရာနှုန်းပြည့် နိုင်ပွဲနှင့်အတူ Nations League A Group 3 ကို ဦးဆောင်လို့ထား၏။
(photos from UEFA page)