ကျွန်နော်ရဲ့ ဘေးခြံကို ကလေးတစု မကြာခဏ
လာရောက်သည်။ တခါ အနောက်ဘက်မှာရှိသော
မူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများ
ကလည်း ထမင်းစားချိန်မှာ အပြေးအလွှား
လာရောက်ကြပြန်သည်။ တဖန် လူပျိုပေါက်
အရွယ် လူငယ်ပေါက်စလေးများကလည်း
လာချေပြန်သည်။ ထိုလူငယ်များက မြေကြီးခဲ
များဖြင့် ပစ်ပေါက်နေကြပြန်သည်။
သူရို့ ထိုသို့ ခဲများဖြင့်ပစ်ပေါက်နေ၍ ဘေးခြံမှ
အမျိုးသမီးကြီးက ထွက်လာပြီး ပြောသဖြင့်
လူငယ်များက ဝရုန်းသုန်ကား ပြေးသွားကြသည်။
သို့နှင့် ဘာဖြစ်တာလဲဟု ကျွန်တော်သည် ခြံအပြင်
ထွက်ကြည့်မိသည်။ ဒီတော့ ဘေးခြံမှ အမျိုးသမီး
ကြီးက ပြောသည်။ ကလေးတွေ ပြောဆိုမရဘူး။
ဒီ ပျားအုံကိုပဲ လာပြီး ဆွနေကြတာ။ သူတို့က
ခဲနဲ့ပစ်သွားပြီး ပြေးကြတာ။ ပျားအုံက ပျားတွေက
အိမ်ထဲဝင်လာလို့ တံခါးပိတ်ထားရတာ။ ပျားတွေက
အကြီးကြီးတွေ တုပ်မိရင် မလွဲဘူး။
သူမပြော၍ ကျွန်တော်လည်း သူမခြံရှေ့မှာရှိသော
မဲဇယ်ပင်ပေါ်သို့ကြည့်မိသည်။ အားပါး ပျားအုံကြီးက
အကြီးကြီးပါပေ။ ဇကောဝိုင်းတချပ်စာရှိပေသည်။
သို့ပါသောကြောင့် လူငယ်၊ လူရွယ်များကို
အနှီးပျားအုံကို လာရောက် ထိုးဆွကလိနေကြခြင်း
ဖြစ်ပေသည်။ မြို့နေ ကလေးများ အများစုက အနှီးပျားအုံမျိုးကို
မြင်ဘူးခြင်း မရှိကြပေ။ မသကာ သေးငယ်သော
ပျားအုံမျိုးကိုသာ မြင်ဘူးကြသည်။
ကျွန်တော်ပင် ယခုမှ ထိုသို့ ကြီးမားသော
ပျားအုံးကို အပြင်မှာ မြင်ဖူးခြင်း ဖြစ်ပေသည်။
ကျွန်တော် ပျားအုံကိုကြည့်ပြီး အိမ်ထဲဝင်လာသည့်အခါ
ကျွန်တော့်အကို တာယာပွကြက ဘာလုပ်တာလဲဟုမေးသည်။
ပျားအုံအကြောင်းပြောသည်။ သွားမလုပ်နဲ့ဗျ
ပျားအုံက အကြီးကြီး တောပျားကြီးတွေ တုပ်ရင်
မလွယ်ဘူး သေသွားမယ်။ တာယာပွကြီး ပြောလိုက်မှ
တောပျားများဖြစ်ကြောင်း သေသွားမည်ဖြစ်ကြောင်း
ထပ်မံအကျယ်ကြားရပြန်သည်။ တဖန် ပြောပြန်သေးသည်။
သူရို့အိမ်ကို လာထိလို့ကတော့ မလွယ်ဘူးနော့။
ထိတဲ့ကောင် သေပြီးမှတ်။
တာယာပွကြီး၏ ပြောစကားကြောင့် ကိုယ့်အိမ်၊
ကိုယ့်ယာ၊ ကိုယ့်မြေကို လာရောက်ဖျက်ဆီးပါမူ
ပြန်လည်၍ ခုခံတတ်ကြသည်မှာ လူပင် မဆိုထားနှင့်
တိရစ္ဆာန်များပင် ပြန်လည်ခုခံကြသည်။ ယနေ့
ကမ္ဘာမှာ ဖြစ်ပျက်နေသော ကြီးနိုင်ငယ်ညှင်း
ကိစ္စများအတွက် အတွေးဝင်မိသည်။ မိမိတို့၏
ပိုင်ဆိုင်မှုများ၊ လွတ်လပ်မှုများအတွက် ကိုယ့်ကိုကိုယ်
ကာကွယ်နေကြသောနိုင်ငံ လူမျိုးများအတွက် မိမိကိုယ်သာ
အားကိုးရာဖြစ်ပေသည်။ အမြင်မတော်၍
ဝင်ကူညီမည့်သူမရှိ။ မိမိကိုယ်ကျိုးစီးပွားအတွက်
မရှိပါလျှင် မသိကျိုးကျွန်ပြု နေကြပေသည်။
မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလို။ ထိုစကား
လေးက ကျွန်တော်တို့ ငယ်စဉ်က ကြားခဲ့ရသော
စကားဖြစ်သည်။ ငယ်စဉ်ကတော့ ကလေးပီပီ
သိပ်မစဉ်စားပေ အော် မျက်နှာကြီးတဲ့သူဆို
ဟင်းတုံးကြီး စားရတယ်။ သူက မျက်နှာကြီးတော့
ပါးစပ်ပေါက်က ကြီးလို့နေမှာဟုသာ။ ယခုအချိန်မှာ
ထိုစကားကို ပြန်လည်တစိမ့်စိမ့် စဉ်းစားရင်း
အတွေးကြွယ် နေမိပေသည်။
@htwegyi
July 12, 2026