မန်းတည။

Words
104
Reading
1 min
Listen
Play
3y

img_0.7621092795142147.jpg

ဘာရေးရမလဲ။ စဉ်းစားတိုင်း နိုင်ငံရေး
အကြောင်းက ပထမဦးစွာ ခေါင်းထဲ ရောက်လာ
သည်။ ထိုအကြောင်းလည်း မရေးချင်ပါ။
ရေးရင်နဲ့ ကိုယ့်ဒုက္ခတွေကို ထုတ်ဖော်ပြသ
ရာရောက်မည်။ ဒုက္ခဆိုသည်ကလည်း
လူတိုင်းမှာရှိသည်။ ဘာတဲ့ ကိုယ့်ဒုက္ခနဲ့ ကိုယ်
ဆိုသလိုပေါ့။

မနေ့ညက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
သေနတ်သံများ ဆူညံသွားအောင် ကြားရသည်။
သေနတ်သံများကြား၍ မိတ်ဆွေထံဖုန်းဆက်ကြည့်သည်။
သူတို့ထံလည်း ကြားရကြောင်း
ပြန်ပြောသည်။ တဖန် မြို့ထဲမှ မိတ်ဆွေတဦး
ကလည်း သူတို့ထံလည်း သေနတ်သံများကြား
သည်ဟု ပြောသည်။

မနေ့ညက ‌ညကောင်းကင်းယံမှာ ဒရုန်းတွေ့၍
သေနတ်များဖြင့် ပစ်ကြသည်ဟု သိရသည်။
မန်း၏ မနေ့ တညကတော့ သေနတ်သံများ
ဆူညံပွက်လောရိုက်သွားခဲ့သည်။

အမေက သေနတ်သံများကြား၍ မီးများကို
ပိတ်ခိုင်းသည်။ ဘေးအိမ်မှ မီးစက်ထွန်း၍
မောင်းသူများလည်း မီးစက်ပိတ်၍ မီးမှိတ်ကာ
အမှောင်ချထားကြသည်။ မိနစ်နှစ်ဆယ်ခန့်
အကြာမှတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

လျှပ်စစ်မီးများ ပြန်ပေး၍ မီးအလင်းရောင်
များဖြင့် ပြန်လည်း လင်းလာသည်။ မီးလာ၍
ရေစက်မောင်းမည် လုပ်သောအခါ အမေက
မနက်မှ မောင်းဟုပြောသည်။ ဘာသံ၊ ညာသံ
မကြားရ၊ တောင်သံ၊ မြောက်သံမကြားရပဲ
နေမည်ဟုပြောသည်။

အမေသည် အသက်အရွယ်ကြီးသည့်အပြင်
ကျန်းမာရေးမကောင်းတော့ စိုးရိမ်ကြီးရှာသည်။
သူမငယ်စဉ်ကလည်း စစ်မက်ဖြစ်ပွားခဲ့သည်နှင့်
ကြုံတွေ့ဖူး၍ ပိုစိုးရိမ်းရှာသည်။ ထိုကြောင့်
စစ်ဖြစ်ပွားရာ အရပ်များမှ သတင်းများကို
အမေ မသိအောင်၊ မကြားအောင်ပြောကြ
ရသည်။

မြန်မာပြည် အေးချမ်းပါစေ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
ကမ္ဘာကြီးလည်း ငြိမ်းချမ်းပါစေ။

htwegyi@htwegyi
26-5-2023

မန်းတည။ | Ecency