မပြောဘူးလို့ လုပ်ထားတာ ပြောလိုက်မိတယ်။
ကိုယ်မပြောရင်လည်း သူခမျ ငရဲကြီးပေမည်။
လူ့ဘဝကြီးမှာ ကိုယ့်ဟာနဲ့ ကိုယ်တော့ ဟုတ်သလိုလို၊
မှန်သလိုလိုထင်ကြတာပ။ ကိုယ့်အတွက် မှန်ပေသိ
အခြားသူအတွက် မှားနေတတ်တာလည်းရှိပေမည်။
တာယာပွကြီးက မူးသည့်အခါ စကားအင်မတန်
ပြောသည်။ သူပြောဆိုသည်များက မှန်တာရှိသလို
မှားတာလည်း ပါသည်။ အမှားပြောသည်က များပေ
သည်။
တာယာပွကြီး မူးသည့်အခါ ပြောစကားများက
ကမ္ဘာကြီးနဲ့ ချီပြီပြောတတ်သည်။ ကိုဆိုဗိုအရေးတို့၊
ယူကရိန်း ရုရှားနှင့် အီရန် အမေရိကန်တို့၏
အရေးအခင်းများကို သူက မှတ်ချက်ပေးတတ်သည်။
ပူတင်က ဘယ်လို၊ ထရန့်က ဘယ်သို့ စသဖြင့်
ပြောဆိုပြီး ဆဲဆိုတတ်ပြန်သည်။
"ထရန့် နှမပေး အဲ့ကောင် အနိုင်ကျင့်တာ၊
အီရန်ကို သွားပြီး အနိုင်ကျင့်တာ။ ဖင်မနိုင်ပဲ
ပဲကြီးဟင်းစားတာ။ ဒီကောင်တွေ အီရန်နဲ့
ထရန့်နှစ်ကောင် ပေါင်းပြီး လုပ်စားနေကြတာ။
ကြည့်လိုက် ရေနံဈေးက တက်လိုက် ကျလိုက်နဲ့။
ဒီကောင်တွေ သောက်စကားနဲ့တင် ရေနံဈေးတွေက
တော်ကြာတက်လိုက်၊ တော်ကြာ ကျလိုက်နဲ့
ငါ့လခွီး ခွေးမသားတွေ လုပ်ချင်တိုင်းလုပ်၊
ပြောချင်တိုင်းပြောနေကြတာ။ ဒင်းတို့ လုပ်သမျှ
ငါတို့က ဒုက္ခရောက်နေတာ ဖွီး ထွီး"
တခါတလေ အမူးသမား ပါးစပ်က လူစကားများ
ထွက်သလို။ တခါတရံတော့ ကောင်းကင်ကြီးကို
မော့ကြည့်ပြီး စကားပြောနေတတ်သည်။ တိမ်တွေက
တောင်ကနေ မြောက်ကိုသွားနေတာ။ ဒါဆို
ဘယ်လိုဖြစ်မှာ။ မြောက်ကနေ တောင်သွားရင်
ဘယ်လိုဖြစ်မှာ စသဖြင့် မိုးလေဝသလည်း ပြောတတ်သည်။
တမိုးလုံးမဲလာပြီး တိမ်တွေက ပြန့်ကျဲ
သွားပြီဆိုရင် မိုးက အတော်ကို ရွာမှာ။ အိမ်ခြံဝင်း
ရေမြုပ်အောင် မိုးကရွာမှာနော်။
ဟုတ်သဗျို့ တာယာပွကြီး သူပြောတဲ့အတိုင်း မိုးက
ရွာချလိုက်တာ ကောင်းချက်။ လမ်းမကြီးကို
ရေအပြည့်ဖုံးသွားသည်။ မိုးရွာတော့ ရေကြီးသည့်
နေရာများအတွက် စိတ်မကောင်းဖြစ်ရသည်။
ဒုဌဝတီမြစ်ရေကြီးသဖြင့် မြစ်ငယ်မှာရှိသော
မိတ်ဆွေအချို့၏ အိမ်များ ရေဝင်သည်။ ရွေစာရံ
ဘုရားသွားသောအခါ ဖြတ်သန်းသွားသည့်နေရာမှာရှိ
လက်ပံပင်ကြီးမှာပင် ရေများဝင်ရောက်နေသည်။
ရွှေစာရံဘုရားအနီးရှိ လှေဆိပ်၊ ရေချိုးဆိပ်မှာတော့
ရေများဝင်နေပြီဖြစ်မည်။
ဒုဌဝတီ မာန်ဖီဖီနှင့် ဒေါထလေသောအခါ စသည့်
စာသားကို အဘယ်မှာ ဖတ်ဖူး မှတ်ဖူးသည် မသိပေ။
ဒုဌဝတီမြစ်ရေ ကြီးပါမူ အင်မတန်ကြောက်စရာ
ကောင်းသည်ဟု ပြောကြသည်။ ယခုအခါမှာတော့
မြစ်ချောင်းများအားလုံး ကြောက်စရာကောင်းနေ
ပေသည်။ ရာသီဥတု၏ ဖောက်ပြန်ဆိုးရွားမှုများက
လူတို့၏ အသက်အန္တရာယ်များကိုပါ ခြိမ်းခြောက်
လာသည်။ တနှစ်ထက် တနှစ် ဆိုးရွားလာသော
သဘာဝဘေးဆိုးကြီးများကို တားဆီးနိုင်ဖို့
ကြိုးစားကြရပေအုံးတော့မည်။
@htwegyi
August 18, 2026