ဒေါသဆိုသည်မှာ မဖြစ်တာ ကောင်းသည်။
သို့ပေသိ ပုထုဇဉ်ဆိုတော့ ဒေါသနဲ့ မစိမ်းပါ။
မြင်လိုက်သည့်ခဏ ဖျက်ကနဲ့ စိတ်မှာ အချက်အလက်များက
တွက်ချက်သည်။ မြင်သည့်ခဏမှာ
ဒေါသဖြစ်ဖို့ ဆွံ့ အ သွားသလို မေ့နေသလိုဖြစ်သည်။
နောက်တဖန်မှ ပြန်မြင် ပြန်တွေး ပြီးတော့
ဒေါသတရိပ်ရိပ် တဖိတ်တဖိတ် တစိမ့်စိမ့်ဖြစ်
ပေါ်လာမိသည်။
မြန်မြင်ချင်း ဒေါသဖြစ်ကာ တွေ့ရာ မြင်ရာလူကို
ကိုယ့်ရဲ့ဒေါသကို ဖွင့်လှစ်ပြသ ပြောဆိုမိသည်။
ကိုယ့်ရဲ့ဒေါသက ကိုယ်ပြောသည့်သူသို့ တဖန်ပြန်
ကူးစက်သွားပြန်သည်။ သို့နှင့် ဒေါသစိတ်ကို
ဘရိတ်အုပ်လိုက်ရသည်။ ကိုယ့်ရဲ့ဒေါသမှ တစ်ယောက်ကို
ပြောသည့်အခါ တစ်ယောက်ကို ဒေါသဖြစ်စေသည်။
နောက်တစ်ယောက်ကို ထပ်မံပြောသည့်အခါမှာလည်း
ထိုနောက်တစ်ယောက်ကို ဒေါသဖြစ်စေမိပြန်သည်။
ထို့ကြောင့်ဒေါသကို တစ်ဦးတစ်ယောက်နဲ့သာ
အဆုံးသတ်လိုက်ရသည်။
ဒေါသသည်က ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုး
တစ်မျိုးပင်ဖြစ်သည်။ ကိုယ့်ရဲ့ ဒေါသကို အခြားသူကို
ပြောမိပါက ထိုသူလည်းဒေါသဖြစ်မည်ကို
တွေး၍ ဒေါသအားလုံးကို ကိုယ့်ထံမှာသာ
သိမ်းဆည်းရပ်တန့်လိုက်ရသည်။ ဒေါသဖြစ်ရခြင်း၏
ရင်းမြစ်ကို ရှာကြည့်တော့ တဏှာကြောင့်ဖြစ်သည်။
လူဆိုသည်ကလည်း တဏှာကောင်တွေဖြစ်သည်။
ဒါကြောင့် တဏှာစေခိုင်းရာ လိုက်ပါနေရသည်။
ဒေါသဖြစ်ရခြင်း၏ အရင်းအမြစ်က စောစောစီးစီး
ဈေးမှ လမ်းလျှောက်ပြန်လာသည့်အခါမှာ ဒေါသနှင့်
ပက်ပင်းတိုးသည်။ အိမ်ရှေ့မရောက်ခင် ဘေးအိမ်၏
အိမ်ပေါက်ဝ အရောက်မှာဖြစ်သည်။ ကျွန်တော့်
ခြံဘေး၌ မိန်းကလေးတဦးရပ်နေသည်။ ထိုမိန်းကလေးက မျက်စောင်းထိုးအိမ်မှဖြစ်သည်။ ထိုမျက်စောင်းထိုးအိမ်က
ထမင်းဟင်းများ ချက်ပြုတ်ရောင်းချသည်။
ထိုမိန်းကလေး၏လက်ထဲတွင် ကျွန်တော်ခြံဘေးမှာ
စိုက်ထားသော ပျဥ်းတော်သိမ်းပင်အရွက်များကို
တွေ့မြင်လိုက်ရသည်။
ထိုမိန်းကလေးက ကျွန်တော်တို့အိမ်မှအလစ်ဆိုပြီး
ပျဥ်းတော်သိမ်းအရွက်များကို ခူးထားခြင်းဖြစ်ပေမည်။
ကံဆိုးချင်တော့ ထိုကလေးမသည် ကျွန်တော်နှင့်
ပတ်ပင်းတိုးလေသည်။ ကျွန်တော့်မျက်နှာသည်လည်း
အကြောများက တင်းသွားသလိုခံစားလိုက်ရသည်။
ထိုမိန်းကလေးသည်လည်း ရုတ်တရက်ကြောင်သွား
သလိုဖြစ်သည်။ ထိုအိမ် ထမင်းရောင်းချသော အိမ်မှ
ယခုအခါနှင့်ဆိုပါမူ ပျဉ်းတော်သိမ်းအရွက်များ
ခူးသည်မှာ နှစ်ခါရှိပေသည်။
သူတို့ ခူး သော ကျွန်တော်၏ပျဥ်းတော်သိမ်းပင်သည်ကား
ယခုမှအပင်ပေါက်စပင် ရှိသေးသည်။ ကျွန်တော်မှာ မနက်
ညနေ ရေလောင်းရင်း အရိပ်ကြည့်နေ
သည်။ အိမ်အတွက် အသုံးပြုဖို့ ခူးသည့်အခါပင်
အနည်းငယ်သာ ခူးသည်။ ယခု ထိုမိန်းကလေး
ခူးသည်က ကိုင်းများစွာ ချိုးယူထားသည်။
ကိုယ်ပင် မခူးရက်သော ထိုအပင်ပေါက်ကို
ပက်စက်စွာ ခူးထားသည်။ ပြီးတော့ သူတို့က
အိမ်သုံးဖို့မဟုတ်ပေ။ စီးပွားဖြစ် ထမင်းဟင်း
ချက်ပြုတ်ရောင်းချခြင်းအတွက်ဖြစ်သည်။
မနက်စောစော ဒေါသကို မျိုးသိပ်ရတာ
အနည်းငယ် ပူလောင်ရသည်။ အပူလျော့ရန်
ဒေါသကို တဦးထံ လက်ဆင့်ကမ်းမိသည်။
ထိုတဦး၌ ဒေါသ ကူး မကူး မသိပေ။ ကျွန်တော်၏
ဒေါသက နည်းမသွားတာတော့ သေချာသည်။
ဒီတော့ စဉ်းစားမိသည် ကိုယ့်ရဲ့ဒေါသ လျော့မသွားမှာတော့
အခြားသူများကို ဒေါသမပေးချင်တော့ပါဘူး။
ကိုယ့်ဒေါသတွေနဲ့ကိုယ်သာ ဒေါသများကို လုံလုံခြုံခြုံ
သိမ်းထားရင်း တဖြည်းဖြည်း ဖျက်စီးရပါအုံးမည်။
@htwegyi
August 16, 2026